Advertisement

တက်တူးမထိုးဖူးဘူးဆိုရင်တောင် “ကကြီး” ဆိုတဲ့နာမည်ကို social media ပေါ်ကနေတဆင့် ကြားဖူးရင်ကြားဖူးမယ်။ သူ့လက်ရာတွေကို tattoo crazy တချို့ရဲ့ကိုယ်ပေါ်မှာမြင်ရင်မြင်ဖူးပါလိမ့်မယ်။ ကိုကကြီးရဲ့လက်ရာတွေကို သဘောကျတာကြောင့် MM+ ပရိသတ်တွေအတွက်သူ့ဖြတ်သန်းမှုကို ပြောပြချင်လာပါတယ်။

ဝါဆိုလပြည့်နေ့မှာလှည်းတန်းထဲကကိုကကြီးရဲ့ tattoo studio ကိုရောက်သွားတော့ပိတ်ရက်မို့ သူနဲ့သူ့မိသားစုပဲရှိတယ်။ သူ့ဆိုင်ကလေးဘက်လေးတန် ပန်းချီကားတွေချိတ်ထားတော့ ပန်းချီပြခန်းအသေးစားလေးနဲ့တောင်တူနေပါသေးတယ်။

ပန်းချီဆွဲရတာ၊ ကားတွေကိုစုဆောင်းရတာ ဝါသနာထုံတဲ့ကိုကကြီးဟာ ဆေးမှင်ကြောင်အနုပညာရှင်ကောင်းတယောက်ဖြစ်ဖို့ ပန်းချီအမြင်ရှိရမယ်လို့ယုံကြည်သူပါ။

“ပုံတွေကြည့် tutorial တွေလေ့လာပြီးထိုးမယ်ဆိုရင် အလုပ်ဖြစ်ရုံတော့ရတာပေါ့။ ဒါပေမယ့်ပန်းချီအမြင်မရှိရင်တော့ တိုးတက်မှုမရှိတော့ဘဲတနေရာမှာတန့်နေလိမ့်မယ်” လို့သူကပြောပါတယ်။

ကိုကကြီးရဲ့နာမည်အရင်းကအောင်ကျော်ဟိန်းဖြစ်ပြီး ရန်ကုန်မှာပဲမွေးဖွားကြီးပြင်းခဲ့သူပါ။ တဦးတည်းသောသားဖြစ်တာနဲ့အညီ ကိုကကြီးရဲ့ငယ်ဘဝဟာစာဖတ်ရင်း ပုံဆွဲရင်းနဲ့အချိန်ကုန်ခဲ့ပါတယ်။

“တက်တူးကိုစသိတာက ကျနော့်အစ်ကိုဝမ်းကွဲတွေဆီကပေါ့။ သူတို့တက်တူးတွေကြည့်ရင်း လူ့အရေပြားပေါ်မှာလည်းပုံတွေဆွဲလို့ရတယ်ဆိုတာသိလာခဲ့တယ်။”

ကျောင်းပြီးလို့အလုပ်ဝင်တဲ့အထိအနုပညာအလုပ်နဲ့အသက်မွေးဖို့မစဉ်းစားဖြစ်သေးပါဘူး။ ၂၀၁၂ခုနှစ်လောက်အရောက်မှာ တက်တူးပညာအကြောင်းရေးထားတဲ့မဂ္ဂဇင်းတအုပ်ကိုဖတ်မိရာကနေ ဝါသနာပါတဲ့အလုပ်ကိုဇောက်ချလုပ်ဖို့စိတ်ကူးရလာပါတော့တယ်။

“အဲ့ဒီတုန်းကကျနော်စုထားတဲ့ပိုက်ဆံ ၅သိန်းလောက်ရှိတယ်။ နိုင်ငံခြားကတက်တူးထိုးတဲ့စက်ကလေးကို online shop တခုကမှာလိုက်တယ်။ မှတ်မှတ်ရရ ၆၅ဒေါ်လာတန်တဲ့အဲ့ဒီစက်ကလေးက ဒီရောက်တော့အခွန်တွေ ဝန်ဆောင်ခတွေနဲ့ ဒေါ်လာတရာကျော်လောက်ကျသွားတယ်။ အဲ့ဒါကကျနော့်ရဲ့ပထမဆုံးခြေလှမ်းပါ။”

ပန်းချီနဲ့ပတ်သက်တဲ့သင်တန်းတွေလည်းမတက်ဖူးတဲ့ကိုကကြီးဟာ ပန်းချီပညာနဲ့ တက်တူးပညာကို သူ့ရှေ့ကစီနီယာတွေနဲ့ YouTube ကတဆင့်သင်ယူခဲ့ပါတယ်။ လုပ်ရင်းနဲ့သင်ရတဲ့ကိုကကြီးအတွက်တော့ သူ့ခန္ဓာကိုယ်ဟာအကောင်းဆုံးလေ့ကျင့်ရာဖြစ်ခဲ့ပါတယ်။

“ကျနော်ကသူတပါးခန္ဓာကိုယ်မှာမစမ်းချင်ဘူးဗျ။ အဲ့ဒီတော့ကိုယ့်ကိုယ်ပေါ်မှာစမ်းထိုးတော့တာပဲ။ (ရယ်လျက်) ခြေသလုံးကကြယ်ပုံလေးဆို ကျနော့်ပထမဆုံးတက်တူး။ Client ကိုမထိုးပေးခင် တလလောက်အလိုကတည်းက ကိုယ့်ကိုယ်ကိုယ်စမ်းထိုးကြည့်တာပေါ့။

“အကြည့်ရဆိုးသွားမလားဆိုပြီး စိုးရိမ်စိတ်တော့မဖြစ်ခဲ့ဘူး။ ကျနော့်စိတ်ထဲမှာသိနေတယ်။ ငါတနေ့ tattoo artist ဖြစ်လာရမယ်။ ငါ့လက်ရာကအခုထက်ပိုကောင်းသွားမှာ။ အဲ့ဒီကျမှစိတ်တိုင်းကျပြန်ပြင်ထိုးမယ်ပေါ့။”

အခုအချိန်မှာတော့ သာမန်လူတွေ၊ celebrity တွေအပြင် မြန်မာနိုင်ငံရောက်နေတဲ့နိုင်ငံခြားသားတွေကိုပါ လက်ခံရေးပေးနေရပြီဖြစ်ပါတယ်။

Covid-19 ကြောင့်လုပ်ငန်းအပေါ်မှာဘယ်လိုသက်ရောက်မှုတွေရှိလဲဆိုတာလည်းမေးဖြစ်ခဲ့ပါသေးတယ်။

“အရင်ကတည်းကကျနော့် client တွေအတွက်သန့်ရှင်းမှုကိုဂရုတစိုက်လုပ်ပေးခဲ့တယ်။ ကျနော်ငယ်ငယ်ကကျောင်းမှာပညာပေးပန်းချီပြိုင်ပွဲတွေပြိုင်ခဲ့ဖူးသလို စာတွေလည်းဖတ်တော့ HIV လိုရောဂါပိုးတွေကတက်တူးထိုးရာကတဆင့်ကူးစက်တတ်တယ်ဆိုတာသိထားတယ်လေ။

“Covid-19 ဖြစ်တော့အရင်ကထက်ပိုဂရုစိုက်ရတာပေါ့။ Client ကိုလည်းအဖော်တယောက်လောက်ပဲခေါ်လာဖို့ လက်သေချာဆေးဖို့ မေတ္တာရပ်ခံရတယ်။ တယောက်ထိုးပြီးသွားတိုင်းလည်းတခန်းလုံးပိုးသတ်ဆေးဖြန်းရတယ်။ ပစ္စည်းကိရိယာတွေကတော့အကုန် တခါသုံးတွေချည်းပါပဲ။”

မြန်မာနိုင်ငံမှာ တက်တူးထိုးထားတဲ့လူတွေကိုအမြင်မကြည်မှုတွေရှိနေသေးပေမယ့် အခုနောက်ပိုင်းမှာတော့ တက်တူးနဲ့ပတ်သက်တဲ့အမြင်တွေဟာအရင်ကထက်အပြုသဘောဆောင်လာတယ်လို့ ကိုကကြီးကဆိုပါတယ်။

“ကျနော်သတိထားမိသလောက် ဒီ ၃-၄ နှစ်လောက်မှာတော်တော်ပြောင်းလဲလာတယ်ဗျ။ ကျနော့် client တွေထဲမှာလည်း အသက် ၄၀-၅၀ ဝန်းကျင်တွေရှိလာတယ်။ သူတို့ငယ်ငယ်ကတော့ တက်တူးကိုအမြင်မကြည်သူတွေများတော့ အလုပ်သဘောအရ လူမှုရေးအရမထိုးဖြစ်ကြဘူး။ အခုနောက်ပိုင်းတော့ ပတ်ဝန်းကျင်ကပိုပြီးအပြုသဘောမြင်လာတဲ့အတွက် လာထိုးကြတယ်ပေါ့နော်။”

တက်တူးကိုကူးစက်ရောဂါတွေပျံ့ပွားစေတဲ့အရာလို့မြင်နေကြတာကလည်း အကြောင်းရင်းတခုဖြစ်ကြောင်း၊ ဒီလိုအမြင်တွေကိုပြောင်းလဲဖို့ဆိုရင် tattoo artist တွေကိုယ်တိုင်ကသန့်ရှင်းမှုနဲ့ လုံခြုံမှုကိုဦးစားပေးဆောင်ရွက်ဖို့လိုကြောင်း သူ့အယူအဆကိုပြောပါတယ်။

ကိုကကြီးဟာမြန်မာမှုလက်ရာတွေကိုရေးပေးရတာ နှစ်သက်သူပါ။ ထိုးကွင်းမှင်ကြောင်လိုမြန်မာ့ရိုးရာ tattoo တွေကိုမပျောက်ပျက်သွားအောင်ထိန်းသိမ်းဖို့လိုတဲ့အကြောင်းလည်းပြောပါတယ်။

“တက်တူးဆို ကျားတွေ နဂါးတွေကိုပြေးမြင်တတ်ကြတယ်။ ဒါပေမယ့် တက်တူးဆိုတာအရမ်းကျယ်ပြန့်ပါတယ်။ ပိုလီနီးရှန်းတွေကနေ ဂျပန်လူမျိုးတွေအထိ ယဉ်ကျေးမှုတော်တော်များများမှာရိုးရာတက်တူးတွေရှိကြတယ်။ ကျနော့်ဖြတ်သန်းမှုတလျှောက် မြန်မာ့ရိုးရာထိုးကွင်းကိုတယောက်ကိုပဲထိုးပေးဖူးသေးတယ်။ အဲ့ဒီလူက မြန်မာမဟုတ်ဘဲ ပြင်သစ်နိုင်ငံသားတယောက်ဖြစ်နေတာကတော်တော်ထူးခြားပါတယ်။”

လတ်တလောမှာတော့သဘာဝကျကျအရောင်စုံရေးဆွဲပေးရတဲ့ photorealistic tattoo တွေခေတ်စားနေပြီး စိတ္တဇပန်းချီ abstract tattoo ‌ထိုးချင်တဲ့သူတွေကတော့တော်တော်ရှားကြောင်းပြောပါတယ်။

“ကျနော်ကတော့တက်တူးထိုးမယ်လို့စဉ်းစားထားတဲ့သူတွေကိုကိုယ်ပိုင်ဖန်တီးမှုတွေလုပ်စေချင်တယ်။ ကိုယ့်စိတ်ကူးကိုတက်တူးဆရာတွေကိုပြောပြပြီး ကိုယ်ပိုင်တက်တူးတခုကိုရေးပါ။ နောင်နှစ် ၂၀-၃၀ ကြာသွားတဲ့အချိန်မှာ အဲ့ဒီတက်တူးကကိုယ့်သမိုင်းကြောင်းဖြစ်သွားပါလိမ့်မယ်။ ဒါကြောင့်ကိုယ့်ဘဝအတွေ့အကြုံတွေ၊ စိတ်ကူးစိတ်သန်းတွေကနေတဆင့် အတုမရှိတဲ့ပုံတပုံကိုဖန်တီးပါလို့ အကြံပြုပါတယ်။”

Advertisement

LEAVE A REPLY

Please enter your comment!
Please enter your name here