Advertisement

Cursed ဟာမရိုးနိုင်တဲ့ Arthur ဘုရင်ရဲ့ဒဏ္ဍာရီကိုပဲ ကန်တော်ရှင်နတ်သမီး (Lady of the Lake) Nimue ရဲ့ရှုထောင့်ကနေ ရိုက်ကူးတင်ဆက်ထားတာပါ။ Nimue အဖြစ် 13 Reasons Why မှာ Hannah Baker အဖြစ်သရုပ်ဆောင်ခဲ့တဲ့ Katherine Langford ကပါဝင်ထားတယ်။

Nerflix မှာထွက်တာတလလောက်လည်းရှိပြီ၊ မင်းသမီးကလည်းမြန်မာပရိသတ်နဲ့မစိမ်းတဲ့အတွက် ကြည့်ပြီးသွားတဲ့သူတွေတော်တော်များပါလိမ့်မယ်။ မကြည့်ရသေးတဲ့သူတွေအတွက် ကြည့်သင့်မကြည့်သင့် review လေးလုပ်ချင်ပါတယ်။ Spoiler လေးနည်းနည်းပါပါမယ်။

အပိုင်း ၁၀ပိုင်းပါတဲ့ ဒီဇာတ်လမ်းတွဲထဲမှာ Nemui နဲ့ Arthur တို့နှစ်ယောက်ဟာ Sword of Power လို့ခေါ်တဲ့ ဓားကို မှော်ဆရာ Merlin ဆီယူဆောင်သွားရင်း ကြမ်းကြုတ်ရက်စက်တဲ့ဘုရင် Uthur နဲ့ ရောမကဘာသာရေးစစ်တပ် Red Paladin ကိုတော်လှန်ဖို့ကြိုးစားကြတဲ့ဇာတ်လမ်းဖြစ်ပါတယ်။

ဒီဇာတ်လမ်းက Frank Miller နဲ့ Tom Wheeler တို့ရဲ့ရုပ်ပြဝတ္ထုကိုအခြေခံထားတာမို့ တော်တော်လေးတော့ မျှော်လင့်ထားတာဗျ။ ဒါပေမယ့်တကယ်တမ်းကြည့်ကြည့်တော့ သိပ်စွဲလမ်းစရာမကောင်းလှဘူး။

Medieval ဇာတ်လမ်းမို့ သွေးသံရဲရဲဓားခုတ်တိုက်ခိုက်တဲ့အခန်းတွေကတော့ပါတယ်။ Fighting choreography တွေက Witcher လောက်ကြည့်လို့မကောင်းသလို ဇာတ်အလှည့်အပြောင်းတွေကလည်း ကြိုတင်ခန့်မှန်းလို့ရနေပြီး Game of Thrones (Season 1-7) လောက်ဟာခနဲ ဟင်ခနဲဖြစ်စေမှာမဟုတ်ပါဘူး။

ဒီဇာတ်လမ်းတွဲ ၂ခုနဲ့နှိုင်းယှဉ်ပြီးပြောရတယ်ဆိုတာက Cursed ဟာ Witcher လိုမှော်ဆန်ဆန်စွန့်စားခန်းဇာတ်လမ်းမျိုးမှာ GoT လိုအာဏာလုပွဲတွေ နိုင်ငံရေးလုပ်ကြံမှုတွေထည့်ထားလို့ပါပဲ။ လက်တွေ့မှာ ၂ခုလုံးကိုမမီဘဲမျောက်သစ်ကိုင်းလွတ်သွားပါတယ်။

သရုပ်ဆောင်မှုပိုင်းမှာလည်း Langford ဟာ 13 Reasons Why မှာလောက်မပီပြင်ဘူး။ သူ့အပြစ်ချည်းပဲလို့ပြောဖို့ကလည်းခက်ပါတယ်။ ဘာလို့လဲဆိုတော့သူ့ဇာတ်ကောင် Nimue ကိုယ်တိုင်ကိုက ဇာတ်ကောင်စရိုက်မပီပြင်ဘဲ အချစ်ရေးနဲ့ ဘဝပေးတာဝန်ကြားဝေေ၀ဝါးဝါးဖြစ်နေပုံပါပဲ။

Fey မျိုးနွယ်ဝင်နတ်ဆရာမရဲ့သမီး Nimue မှာငယ်စဉ်ကတည်းကထူးခြားတဲ့မှော်အစွမ်းတွေရှိပြီး သူ့ကိုတရွာလုံးကကြောက်လန့်ကြတယ်။ ဒီလိုမွေးရာပါစွမ်းအားကြောင့် တရွာလုံးရဲ့အနှိမ်ခံဖြစ်တာကလည်း Naruto အရမ်းဆန်ပြီး ဖန်တရာတေနေပါပြီ။

မြို့ပေါ်သွားတုန်း Arthur ဆိုတဲ့ရုပ်ချောချော ကြေးစားစစ်သားတယောက်နဲ့တွေ့တယ်။ သူကတော့ဒီဇာတ်ရဲ့မင်းသားပေါ့။ အဲ့ဒီနောက်သူ့အမေရဲ့စေခိုင်းချက်အရ Sword of Power ကို Merlin ဆီယူသွားဖို့ခရီးထွက်ခဲ့ပါတယ်။

မှော်စွမ်းအားရှိတဲ့သူတွေနဲ့ Fey တွေကိုမုန်းတီးတဲ့ Red Paladin တွေကလည်းသူတို့နောက်တကောက်ကောက် လိုက်နေတယ်။ Nimue နဲ့ Arthur ကြားမှာလည်းလူငယ်သဘာဝအချစ်ဇာတ်လမ်းလေးကလည်းအစပျိုးနေပြီ။

အဲ့ဒီလိုအခင်းအကျင်းမှာ Viking ဘုရင် Ice King နဲ့ ပင်လယ်ဓားပြခေါင်းဆောင် Red Spear တို့က Uthur ဆီကနေအာဏာလုဖို့ကြိုးစားတဲ့ဇာတ်လမ်းကိုထည့်ရိုက်ပြလိုက်တော့ ပြချင်တာတွေတအားများသွားပြီး ဘယ်အရာကိုမှထိထိမိမိရိုက်မပြနိုင်တော့ပါဘူး။

Father Carden အဖြစ်သရုပ်ဆောင်တဲ့ Peter Mullan တယောက်ပဲ အမြင်ကတ်စရာဗီလိန်ဇာတ်ရုပ်မှာပီပီပြင်ပြင်သရုပ်ဆောင်နိုင်ပါတယ်။ Gustaf Skarsgård (Merlin) ကအမြဲလိုလိုမျက်နှာကြီးရှုံ့မဲ့ပြီးအိုဗာတွေဖြစ်နေတယ်။ Devon Terrell (Arthur) ကတော့သာမန်ပါပဲ။

R-rated မို့ခပ်ကြမ်းကြမ်းသတ်ဖြတ်တဲ့အခန်းတွေတော့ပါတယ်။ King Arthur ဒဏ္ဍာရီထဲကဇာတ်ကောင်တွေကိုလည်း တွေ့ရပါလိမ့်မယ်။

Season 2 ကျရင်ပိုကောင်းလာမယ်လို့မျှော်လင့်ရပေမယ့် Season 1 ကတော့အပျင်းပြေရုံသာဖြစ်ပြီး ကြည့်ပြီးမေ့မေ့ပျောက်ပျောက်ဖြစ်သွားမယ့်ဇာတ်လမ်းမျိုးပါ။

MM+ Rating: 5/10

Advertisement

LEAVE A REPLY

Please enter your comment!
Please enter your name here