အမျိုးသမီး လက်ကိုင်အိတ်တွေဟာ လှဖို့နဲ့အသုံးဝင်ဖို့အပြင် ခန္ဓာကိုယ်အနေအထားနဲ့လိုက်ဖက်ဖို့လည်း လိုအပ်ပါတယ်။ ဒါကြောင့် အိတ်တွေဝယ်တဲ့အခါ ခန္ဓာကိုယ်အချိုးအစားနဲ့ကိုက်ညီအောင် လွယ်တတ်ဖို့လိုပါတယ်။ အိတ်ဘယ်လောက်လှလှ လွယ်ပုံစတိုင်မကျရင် ကြည့်မကောင်းဖြစ်တတ်ပါတယ်။ ဒါကြောင့် အိတ်တွေလွယ်တဲ့အခါ သတိပြုသင့်တဲ့ ဆောင်ရန်၊ ရှောင်ရန်လေးတွေကို ဖော်ပြပေးလိုက်ပါတယ်။
(၁) ခန္ဓာကိုယ်နဲ့ ကပ်ကြည့်ပါ
အိတ်ဝယ်တဲ့အခါအများအားဖြင့် လွယ်ကြည့်ကြပါတယ်။ အကောင်းဆုံးဝယ်နည်းက အိတ်ဝယ်ရင် ပုံစံမျိုးစုံနဲ့လွယ်ကြည့်တဲ့နည်းပါ။ ဒါမှ ကိုယ်နဲ့ လိုက်မယ့်အကောင်းဆုံးပုံစံကို ရရှိနိုင်ပါတယ်။ ကြိုးရှည်အိတ်တွေကို ဘေးမှာထားပြီးလွယ်တဲ့အခါ ခန္ဓာကိုယ်အနည်းငယ်စောင်းသလို ဖြစ်နေပါတယ်။ ဒါကြောင့် ခန္ဓာကိုယ်နဲ့ဟန်ချက်ညီအောင် စလွယ်သိုင်းပြီး လွယ်သင့်ပါတယ်။ စလွယ်သိုင်းတဲ့အခါမှာလည်း ရံဖန်ရံခါ ဘယ်ညာပြောင်းပြီး လွယ်ပေးသင့်ပါတယ်။
(၂) အိတ်တွေကို လက်မှာမချိတ်သင့်ပါ
အိတ်တွေလွယ်တဲ့အခါ လက်ကောက်ဝတ်မှာ ချိတ်တာမျိုးမလုပ်သင့်ပါဘူး။ လက်ကောက်ဝတ် မှာချိတ်ရတဲ့အတွက် လက်အနေအထားပျက်သလို စတိုင်လည်းမကျပါ။ ကြိုးနဲ့ပဲ လွယ်သင့်ပါတယ်။
(၃) အိတ်ရဲ့အလေးချိန်ကို သတိပြုပါ
အိတ်ထဲကို မလိုအပ်တဲ့ပစ္စည်းတွေ အများကြီးထည့်ပြီး မသယ်ပါနဲ့။ လက်ကိုင်အိတ်ရဲ့အလေးချိန်ဟာ ကိုယ့်အတွက် သက်တောင့်သက်သာရှိဖို့လိုပါတယ်။ ပညာရှင်တွေကတော့ အိတ်တစ်လုံးရဲ့ အလေးချိန်ဟာ ခန္ဓာကိုယ်အလေးချိန်ရဲ့ ၁၀ ရာခိုင်နှုန်းထက် မပိုသင့်ဘူးလို့ အကြံပေးထားပါတယ်။
(၄) ချိန်းကြိုးပါတဲ့ အိတ်တွေကို သတိထားဝယ်ပါ
ချိန်းကြိုးက အိတ်ကိုအလှဆင်နိုင်ပေမယ့် လွယ်တဲ့အခါ အလေးချိန်တိုးစေပါတယ်။ ပုခုံးပေါ်တဲ့ အင်္ကျီတွေဝတ်ရင် ချိန်းကြိုးရဲ့ပွတ်တိုက်တာတွေ ခံရနိုင်ပါတယ်။ ဒါကြောင့် အိတ်ဝယ်ရင် ကြိုးကို သက်တောင့်သက်သာရှိတာမျိုးပဲ ဝယ်စေချင်ပါတယ်။
(၅) မှန်ရှေ့မှာ လွယ်ကြည့်ပါ
အိတ်တွေဝယ်တဲ့အခါ အများစုက ခန္ဓာကိုယ်နဲ့ ကပ်ကြည့်တာ၊ မိတ်ဆွေကိုကြည့်ခိုင်းတာမျိုးတွေပဲ လုပ်ကြပါတယ်။ အမှန်တကယ်က အင်္ကျီဝယ်သလို အိတ်ကို ထုတ်ပြီး မှန်ရှေ့မှာ လွယ်ကြည့်တာမျိုးလုပ်ရမှာပါ။
(၆) အိတ်သေးတာကို ဦးစားပေးပါ
အိတ်ကို ဘယ်နေရာမှာ အများဆုံးသုံးမလဲ သေချာစဥ်းစားပြီး ဝယ်ပါ။ ပစ္စည်းများများထည့်သွားရမယ့်နေရာမျိုးဆို အိတ်အကြီးရွေးပါ။ ပေါ့ပေါ့ပါးပါးသွားရမယ့်နေရာဆို အိတ်အသေးရွေးပါ။ ဒီဇိုင်နာတွေကတော့ အိတ်အသေးက အိတ်အကြီးထက်ပိုပြီး စတိုင်ကျတယ်လို့ အကြံပေးပါတယ်။
(၇) အိတ်တွေရဲ့ အချိုးအစားကို ဂရုစိုက်ပါ
အိတ်တွေရဲ့အချိုးအစားကို မျက်စိနဲ့ဆုံးဖြတ်ပြီး ဝယ်လို့မရပါဘူး။ ကိုယ့်ခန္ဓာကိုယ်အနေအထားနဲ့ အိတ်အချိုးအစားကိုက်ညီဖို့အရေးကြီးပါတယ်။ လွယ်တဲ့အိတ်က လက်နဲ့တန်းတူဖြစ်နေရင် စတိုင်ကျမှာ မဟုတ်ပါဘူး။ ဗြောင်အိတ်တွေထက်စာရင် ဒီဇိုင်းဆင်ထားတဲ့ အိတ်တွေက ပိုပေါ်လွင်ပါတယ်။
(၈) ခါးပတ်အိတ်သေးဝတ်ကြည့်ပါ
အိတ်အသေးတွေကို လက်မှာချိတ်ရင် ကြည့်မကောင်းပါဘူး။ ခါးပတ်အိတ်တွေက ပိုပြီးစတိုင်ကျသလို ခါးသေးတာကိုလည်း ပြသရာရောက်ပါတယ်။
(၉) ကြိုးပြားကြီးတာကို ရွေးပါ
ကြိုးသေးရင် ပုခုံးနာသလို ကြိုးလည်းတာရှည် မခံပါဘူး။ ဖြစ်နိုင်ရင် ကြိုးပြားကြီးတာမျိုးကို ရွေးချယ်စေချင်ပါတယ်။
အိတ်ချစ်သူတွေ စတိုင်ကျကျဝတ်ဆင်နိုင်ပါစေ