ပြိုင်ကားမောင်းခြင်းနဲ့နာရီကုမ္ပဏီတွေဟာ ရေနဲ့ငါးလိုရင်းနှီးတဲ့ဆက်ဆံရေးမျိုးရှိပါတယ်။ ကမ္ဘာကျော်နာရီကုမ္ပဏီတွေဟာ ပြိုင်ကားတွေရဲ့ဒီဇိုင်းကို inspire ယူပြီး ဇိမ်ခံနာရီအမျိုးမျိုးကိုထုတ်လုပ်ခဲ့တယ်။ ဒီအထဲမှာ Rolex နဲ့ TAG Heuer တို့လိုအမှတ်တံဆိပ်တွေလည်းပါပါတယ်။ ဒီဆောင်းပါးမှာတော့ ပြိုင်ကားဒီဇိုင်းနဲ့ထုတ်ထားတဲ့ ထိပ်တန်းဇိမ်ခံနာရီ ၁၅လုံးအကြောင်းပြောပြထားပါတယ်။
Source: watchtime
1Baume & Mercier Clifton Club Shelby Cobra Limited Edition
၂၀၁၇ခုနှစ်က Baume & Mercier ရဲ့ Clifton Club collection မှာအထင်ကရဖြစ်ခဲ့တဲ့ Shelby Cobra CSX2299 Limited Edition နာရီပါ။ Carroll Shelby Company နဲ့တွဲဖက်ထုတ်လုပ်ထားတဲ့နာရီလည်းဖြစ်ပါတယ်။ Shelby Cobra Daytona Coupe (CSX2299) ပြိုင်ကားရဲ့ဒီဇိုင်းကိုမှီးထားတာဖြစ်ပြီး အဲ့ဒီပြိုင်ကားဟာ ၁၉၆၄ခုနှစ်မှာ 24 Hours of Le Mans ပြိုင်ပွဲကိုအနိုင်ရခဲ့တဲ့ ပထမဆုံးအမေရိကန်လုပ်ပြိုင်ကားဖြစ်ပါတယ်။
2Blancpain L-Evolution Super Trofeo
Blancpain ဟာ Lamborghini နဲ့လက်တွဲအလုပ်လုပ်နေချိန်က L-Evolution collection အတွက် Super Trofeo နာရီတွေထုတ်လုပ်ခဲ့ပါတယ်။ ၂၀၁၂ခုနှစ်ထုတ် Blancpain L-Evolution Super Trofeo ဟာ Lamborghini ကားတွေမှာသုံးလေ့ရှိတဲ့ကုန်ကြမ်းပစ္စည်းတွေနဲ့ပြုလုပ်ထားတာပါ။ ဥပမာ နာရီအိမ်အတွက် ကာဘွန်ဖိုက်ဘာသုံးထားပြီး လက်ပတ်ကြိုးကိုတော့ alcantara သားရေနဲ့ပြုလုပ်ထားပါတယ်။ Lamborghini ကလည်းအပြန်အလှန်အနေနဲ့ Blancpain တံဆိပ် Lamborghini Super Trofeo ပြိုင်ကားကိုထုတ်လုပ်ခဲ့ပါတယ်။
3Breitling for Bentley Supersports Chronograph
Breitling for Bentley series အတွက် Breitling နာရီကုမ္ပဏီဟာ Supersports Chronograph limited-edition နာရီကိုထုတ်လုပ်ခဲ့ပါတယ်။ ဒီနာရီဟာရေခဲပြင်ပေါ်မှာအမြန်ဆုံးသွားနိုင်တဲ့ကားအဖြစ်စံချိန်တင်ထားတဲ့ Bentley ရဲ့ Continental Supersports ကားကိုဂုဏ်ပြုထုတ်လုပ်ထားတာပါ။ ဒိုင်ခွက်ဒီဇိုင်းကို Bentley dashboard ပုံစံလုပ်ထားပြီး အမြန်နှုန်းတိုင်းတဲ့မီတာကိုလည်းထည့်သွင်းထားတယ်။
4BRM BT-12 46 Gulf
၁၉၇ဝပြည့်နှစ်တွေက Gulf Oil ကစပွန်ဆာပေးတဲ့ပြိုင်ကားအဖွဲ့တွေနဲ့ Le Mans လို့ခေါ်တဲ့ရုပ်ရှင်ထဲမှာ Steve McQueen မောင်းနှင်ခဲ့တဲ့ Porsche 917 တို့ကို inspire ယူပြီးပြုလုပ်ထားတဲ့ BRM BT-12 46 Gulf ပါ။ နာရီရဲ့အိမ်ကို တိုက်တေနီယံနဲ့ပြုလုပ်ထားပြီး precision bolt ၆ခုပါပါတယ်။ အချင်း 46 mm ရှိတဲ့ဒိုင်ခွက်ဟာ Moto GP အင်ဂျင်ဒီဇိုင်းဖြစ်ပြီး Valjoux 7753 chronograph ထည့်သွင်းထားတယ်။ အရောင်က Gulf logo ကိုကိုယ်စားပြုတဲ့ လိမ္မော်ရောင်နဲ့အပြာရောင်ဖြစ်ပြီး လက်ပတ်ကြိုးကပြိုင်ကားတွေမှာသုံးလေ့ရှိတဲ့ထိုင်ခုံခါးပတ်အစနဲ့လုပ်ထားတာပါ။
5Chopard Superfast Chrono
Chopard Superfast Chrono မှာ 45 mm အချင်းရှိတဲ့ဒိုင်ခွက်ပါပြီး Chopard ရဲ့ automatic Calibre 03.05-M စက်နဲ့လည်ပတ်ပါတယ်။ အနက်ရောင်နောက်ခံမှာ ငွေရောင်ဒေါင်လိုက်စင်းတွေပါတဲ့ဒိုင်ခွက်ဒီဇိုင်းဟာ အအေးပေးစနစ်ပါတဲ့ပြိုင်ကားအင်ဂျင်တွေရဲ့ပုံစံကိုကိုယ်စားပြုတယ်။ ရာဘာနဲ့လုပ်ထားတဲ့လက်ပတ်ကြိုးကို ပြိုင်ကားတာယာလို pattern နဲ့အလှဆင်ထားပါတယ်။ အမြန်နှုန်းတိုင်းတဲ့မီတာကိုလည်းထည့်သွင်းထားပါသေးတယ်။
6Graham Silverstone RS Endurance 24HR
ဒီနာရီမှာ ၂၄နာရီစာ ပြိုင်ကားမောင်းတဲ့အချိန်နဲ့ ခေါက်ရေကိုတိုင်းနိုင်တဲ့ function ၂ခုပါပါတယ်။ ဒိုင်ခွက်ရဲ့ 2 o’clock မှာတပ်ဆင်ထားတဲ့ခလုတ်ကနေ မိနစ်နဲ့စက္ကန့်တွေကိုရေတွက်နိုင်ပြီး 4 o’clock မှာရှိတဲ့ အနီရောင်ခလုတ်မှာတော့ ခေါက်ရေတိုင်းတဲ့စနစ်ပါပါတယ်။ ဒါကြောင့် ပြိုင်ကားမောင်းတဲ့အချိန်ကိုတိုင်းတာဖို့နဲ့ စမ်းသပ်မောင်းနှင်မှုတွေတပြိုင်နက်ပြုလုပ်ဖို့အကောင်းဆုံးအဖော်ပါပဲ။ နာရီတခုလုံးမှာပြိုင်ကားမောင်းတဲ့အားကစားကိုကိုယ်စားပြုတဲ့သင်္ကေတတွေအများကြီးပါပါသေးတယ်။
7Hublot Big Bang Ferrari Titanium Carbon
၂၀၁၂ခုနှစ်မှာ နာရီကုမ္ပဏီ Hublot ဟာအီတလီဂန္ထဝင်ပြိုင်ကားကုမ္ပဏီ Ferrari နဲ့ collab လုပ်ထားတဲ့နာရီကိုချပြခဲ့ပါတယ်။ Hublot Big Bang Ferrari Titanium Carbon (BB FTC) ဟာ ကုမ္ပဏီရဲ့နာမည်ကြီး red sapphire crystal နဲ့ပြုလုပ်ထားပြီး HUB 1241 Unico movement နဲ့လည်ပတ်ပါတယ်။ မိနစ် ၆၀အထိခေါက်ရေတိုင်းနိုင်တဲ့စနစ်ထည့်သွင်းထားပြီး Ferrari ကားတွေရဲ့အရောင်အတိုင်းပြုလုပ်ထားတဲ့အနီရောင်လက်တံတွေပါတယ်။ ကာဘွန်ဖိုက်ဘာဘောင်ကွပ်ထားတဲ့ တိုက်တေနီယံအိမ်ဟာ Hublot ကိုယ်တိုင်ထုတ်လုပ်တာဖြစ်ပြီး ဒီကုန်ကြမ်းတွေဟာအဆင့်မြင့်ကားတွေမှာသာတွေ့ရလေ့ရှိတဲ့ပစ္စည်းတွေပါ။
8IWC Ingenieur Double Chronograph Titanium
IWC ရဲ့ Ingenieuer line ဟာ Mercedes AMG Petronas Formula One ပြိုင်ကားအဖွဲ့နဲ့လက်တွဲထားတဲ့ ထုတ်ကုန်တွေပါ။ IWC Ingenieur Double Chronograph Titanium ဟာတိုက်တေနီယံဘောင်နဲ့ကိုယ်ထည်ရှိပြီး လက်ကနေချော်ထွက်မသွားစေဖို့ ရာဘာနဲ့ကွပ်ထားပေးတယ်။ အချိန်မှတ်တဲ့စနစ်ကလည်း စက္ကန့်ဝက်အထိတိုင်းတာနိုင်ပြီး အပြာရောင်လက်တံနဲ့ အဖြူရောင်လက်တံတို့ဟာ တကြိမ်တည်းမှာအချိန် ၂ခုကိုမှတ်သားထားနိုင်ပါတယ်။ တလုံးကိုဒေါ်လာ ၁၂၇၀၀ လောက်တန်ကြေးရှိပါတယ်။
9Jaeger-LeCoultre Master Compressor Extreme W-Alarm Aston Martin
Jaeger-LeCoultre ဟာသူ့မိတ်ဘက်ဇိမ်ခံကားကုမ္ပဏီ Aston-Martin ရဲ့နှစ် ၁၀ဝပြည့်အထိမ်းအမှတ်အတွက် ကားဒီဇိုင်းအတိုင်းပြုလုပ်ထားတဲ့နာရီများစွာကိုထုတ်လုပ်ခဲ့တယ်။ Master Compressor Extreme W-Alarm Aston Martin ဟာ ကုမ္ပဏီရဲ့ Caliber 912 automatic စက်နဲ့လည်ပတ်ပြီး ကမ္ဘာ့စံတော်ချိန်အသီးသီးကိုပြပေးနိုင်တဲ့ဒိုင်ခွက်နဲ့ နှိုးစက်စနစ်လည်းပါဝင်ပါတယ်။ 46.3 mm အချင်းရှိတဲ့ဒိုင်ခွက်ဟာတိုက်တေနီယံနဲ့ စတီးကိုရောစပ်ပြုလုပ်ထားပြီး နောက်ဘက်မှာရာပြည့်အထိမ်းအမှတ်တံဆိပ်ခတ်နှိပ်ထားတယ်။ အလုံး ၁၀၀သာထုတ်ပြီး တလုံး ဒေါ်လာ ၁၇၈၀၀ တန်ပါတယ်။
10Parmigiani Bugatti Type 370 Mythe
Parmigiani နဲ့ Bugatti တို့လက်တွဲမှု ၁၀နှစ်ပြည့်အထိမ်းအမှတ်အနေနဲ့ Type 370 Mythe နာရီကိုထုတ်လုပ်ထားပါတယ်။ Tube ပုံစံပြုလုပ်ထားတဲ့ဒိုင်ခွက်ဟာ စတီယာရင်ကိုလက် ၂ဘက်လုံးနဲ့ကိုင်ရင်း မောင်းနေစဉ်မှာနာရီကိုအလွယ်တကူကြည့်လို့ရအောင်ဒီဇိုင်းဆွဲထားတယ်။ ၁၈ကာရက် rose gold နာရီအိမ်ဟာ Bugatti ရဲ့ဂန္ထဝင်စတိုင်ကိုကိုယ်စားပြုပါတယ်။
11Richard Mille RM 011 Flyback Chronograph
Formula One ကားတွေမှာပါဝင်လေ့ရှိတဲ့ကုန်ကြမ်းပစ္စည်းတွေကိုသုံးပြီးပြုလုပ်ထားတဲ့ RM 011 Flyback Chronograph ပါ။ Richard Mille ကုမ္ပဏီဟာပထမဆုံးအကြိမ်အဖြစ်နာရီအိမ်ကို အညိုရောင် silicon nitride နဲ့ပြုလုပ်ထားတယ်။ နာရီအိမ်ဟာတော်တော်အကြမ်းခံပြီး ပွန်းပဲ့မှုတွေအပြင် အပူချိန်အတက်အကျဒဏ်ကိုပါ ခံနိုင်ရည်ရှိပါတယ်။ ဒီဒြပ်ပေါင်းဟာအရမ်းလည်းပေါ့ပါးတဲ့အတွက် ကားတွေရဲ့ valve နဲ့ turbocharger rotor တွေပြုလုပ်ရာမှာအသုံးပြုလေ့ရှိတယ်။
1250th Anniversary Rolex Cosmograph Daytona
Baselworld 2013 မှာ Rolex ဟာ Cosmograph Daytona ရဲ့နှစ် ၅ဝပြည့်အထိမ်းအမှတ်နာရီကို မိတ်ဆက်ခဲ့ပါတယ်။ 50th Anniversary Rolex Cosmograph Daytona ရဲ့ prestigious edition ဟာ ဒေါ်လာ ၇၅၀၀၀ တန်ပြီးပလတ်တီနမ်အိမ်နဲ့ပြုလုပ်ထားတဲ့ ပထမဆုံး Daytona နာရီဖြစ်ပါတယ်။ နာရီဘောင်မှာတပ်ဆင်ထားတဲ့အမြန်နှုန်းတိုင်းမီတာကို Rolex ရဲ့ Cerachrom ကုန်ကြမ်းနဲ့ပြုလုပ်ထားပြီး တနာရီမိုင် ၄၀၀အမြန်နှုန်းအထိတိုင်းတာနိုင်ပါတယ်။
13TAG Heuer Carrera Calibre 36 Chronograph Flyback
TAG Heuer ဟာ Carrera နှစ် ၅ဝပြည့်အထိမ်းအမှတ်အတွက် TAG Heuer Carrera နာရီတွေထုတ်လုပ်ခဲ့ပါတယ်။ TAG Heuer Carrera Calibre 36 Chronograph Flyback ရဲ့ဒီဇိုင်းဟာ ခေတ်ဟောင်း TAG Heuer stopwatch တွေကိုမှီးထားတာဖြစ်ပြီး စက္ကန့်တွေကိုနာရီဒိုင်ခွက်ရဲ့ အပြင်ဘက်စက်ဝန်းမှာထည့်သွင်းထားပါတယ်။ Zenith El Primero စက်နဲ့လည်ပတ်တယ်။
14Tissot PRS 516 Extreme
Tissot ဟာပြိုင်ကားအားကစားကိုနမူနာယူထားတဲ့နာရီတွေကိုထုတ်လာတာ ၁၉၆၀ခုနှစ်တွေလောက်ကတည်းကပါ။ PRS 516 Extreme ကတော့ ခေတ်ဟောင်းနာရီဒီဇိုင်းမှာ ခေတ်ပေါ်အပြင်အဆင်တွေနဲ့မွမ်းမံထားတယ်။ နာရီအိမ်ဟာမျက်မှောက်ခေတ်ကားတွေရဲ့ ကိုယ်ထည်ပုံနဲ့ဆင်တူပြီး ဘောင်တွေကိုတော့ dashboard ပုံစံပြုလုပ်ထားတယ်။ လက်ပတ်ကြိုးမှာပျားလပို့ပုံစံဒီဇိုင်းလုပ်ထားတာက ပြိုင်ကားတွေရဲ့လေဝင်လေထွက်စနစ်ကိုအမှတ်ရစေမှာပါ။
15Zenith El Primero Chronomaster 1969 SVRA
Zenith ဟာ Sportscar Vintage Racing Association (SVRA) နဲ့မိတ်ဘက်ဖြစ်လာခဲ့ပြီး ၂၀၁၆ခုနှစ် အမေရိကမှာကျင်းပမယ့် ကားပြိုင်ပွဲ ၁၆ပွဲအတွက်တရားဝင် timekeeper (အချိန်စောင့်ကြည့်မှတ်သားသူ) အဖြစ်တာဝန်ယူခဲ့ပါတယ်။ အဲ့ဒီနောက် Chronomaster 1969 luxury sports watch ရဲ့ special edition ကို ၂၀၁၆ခုနှစ် Baselworld နာရီပွဲတော်မှာမိတ်ဆက်ခဲ့တယ်။ ငွေရောင်ဒိုင်ခွက်မှာ SVRA logo ပါတဲ့ဒီနာရီဟာ El Primero စက်နဲ့လည်ပတ်ပါတယ်။ အခု ၁၀၀သာထုတ်ပြီး တလုံး ဒေါ်လာ ၉၀၀၀ တန်ကြေးရှိပါတယ်။





