Mulan ရဲ့ live-action ကိုမျှော်နေကြတဲ့သူအများကြီးပါပဲ။ တချို့ကလည်း Liu Yifei ကိုကြည့်ချင်လို့၊ တချို့ကလည်း ငယ်ငယ်ကကြည့်ခဲ့တဲ့ကာတွန်းရုပ်ရှင်ကိုဘယ်လောက်မီအောင်ပြနိုင်လဲသိချင်လို့။
Disney ကတချိန်ကကျော်ကြားခဲ့တဲ့ကာတွန်းရုပ်ရှင်တွေကို ရှုထောင့်အသစ်တမျိုးနဲ့ live-action အဖြစ်ပုံဖော်နေတာမှာ Maleficent မူရင်းနဲ့ကွဲထွက်တဲ့အရည်အသွေးကောင်းရုပ်ရှင်တွေပေါ်လာသလို Lion King လို ဘာရသအသစ်မှမပေးနိုင်တဲ့ကြည့်ကောင်းရုံရုပ်ရှင်တွေလည်းပါလာပါတယ်။
Mulan live-action ကလည်းကာတွန်းနဲ့ဇာတ်လမ်းကွဲမယ်ဆိုတာသိပေမယ့် သူဘယ်လိုသရုပ်ဖော်မလဲဆိုတာသိချင်လို့ကြည့်ဖြစ်ခဲ့ပြီး ထင်မြင်ချက်လေးတွေရေးချင်ပါတယ်။ Spoiler alert ပါ။
ဇာတ်လမ်းကတော့ထုံးစံအတိုင်းခြေထောက်မကောင်းတဲ့ဖခင်ဖြစ်သူကိုယ်စား စစ်မှုထမ်းဖို့ထွက်လာခဲ့တဲ့ Mulan ဟာယောကျ်ားတယောက်အဖြစ်ဟန်ဆောင်ရတာ၊ မိန်းမတွေကိုမယားကောင်းပီသဖို့သာသင်ကြားပေးတတ်ကြတဲ့ လူ့အဖွဲ့အစည်းဟာထက်မြတ်တဲ့ Mulan နဲ့သဟဇာတမဖြစ်တာတွေကိုရိုက်ပြထားတယ်။
လူ့အဖွဲ့အစည်းမှာမိရိုးဖလာသတ်မှတ်ထားတဲ့ယောကျ်ားနဲ့မိန်းမရဲ့အခန်းကဏ္ဍကိုတော်လှန်တဲ့အတွေးအခေါ်ဟာ Disney ရုပ်ရှင်တွေအတွက်အဆန်းမဟုတ်တော့ပါဘူး။ ဒါပေမယ့်စိတ်တိုင်းမကျတဲ့ဇာတ်ကွက်တခုကိုပြောပြမယ်။
ဇာတ်အလယ်လောက်မှာ Mulan နဲ့ရန်သူ Rouran စစ်တပ်ကစုန်းမ (Gong Li) တို့မျက်နှာချင်းဆိုင်တွေ့ပြီး တိုက်ခိုက်ကြတော့ ယောကျ်ားလေးဟန်ဆောင်ထားတဲ့ Mulan ကိုစုန်းမက “မင်းရဲ့ဘဝအမှန်ကိုလိမ်ညာနေသ၍ မင်းဟာအားနည်းနေဦးမှာပဲ” လို့ လက်ချာရိုက်တယ်။
အဲ့ဒီနောက်မှာ Mulan ကယောကျ်ားလေးပုံစံဆံပင်ထုံးထားတာကိုဖြည်ချ ချပ်ဝတ်တန်ဆာတွေကိုချွတ်ပြီး အတွင်းဝတ်ရုံနဲ့ရန်သူတွေကိုဝင်တိုက်တာတို့ မြင်းပေါ်ကနေခုန်ပြီး ရန်သူ့လှံကိုကန်တာတို့လုပ်လာတယ်။
စစ်တိုက်တဲ့နေရာမှာချပ်ဝတ်တန်ဆာဆိုတာရန်သူ့ထိုးနှက်မှုတွေကိုအတိုင်းအတာတခုအထိကာကွယ်နိုင်အောင်ဝတ်တာမဟုတ်ဘူးလား။ ယောကျ်ားလည်းဝတ်ရတာပဲ။ မိန်းမလည်းဝတ်ရတာပဲ။ မိမိရဲ့ဖြစ်တည်မှုကိုလက်ခံတယ်ဆိုပြီး ချပ်ဝတ်တန်ဆာတွေချွတ်ပြီးတိုက်ပွဲဝင်တာကိုရိုက်ပြတာ တော်တော်ကြောင်တဲ့အတွေးအခေါ်ပဲ။

ပြီးတော့ Mulan တို့တပ်သားတွေကို ကျူးကျော်သူ Rouran တွေကတောင်ပေါ်ကနေ လောက်လွှဲနဲ့အားပါးတရဆော်နေတဲ့အချိန်မှာ Mulan ကအနောက်ကနေဝင်ပြီး ကျောက်ဆောင်တခုကိုအကာအကွယ်ယူရင်းမြှားနဲ့ချောင်းပစ်တယ်။ လူတွေအများကြီးရှိတဲ့ပုံပေါက်အောင် သံခမောက် ၆ခု ၇ခုလောက်ကိုကျောက်ဆောင်ပေါ်တင်ထားတယ်။ အဲ့ဒါကို လူ ၁၀၀ လောက်ရှိတဲ့ရန်သူ့တပ်က မြှားတပစ်စာနေရာကိုလောက်လွှဲနဲ့လှမ်းဆော်တယ်။ ဆီလောင်းမီးရှို့ထားတဲ့ကျောက်တုံးကြီးက Mulan ကိုမထိဘဲအနောက်ကရေခဲတောင်ကိုထိပြီးပြိုကျတော့ရန်သူတပ်ကြီးပျက်စီးသွားတယ်။
အဲ့ဒီအခန်းကကာတွန်းကားထဲမှာတော်တော်အရေးကြီးတဲ့အခန်း။ Mulan ရဲ့ဖြတ်ထိုးဉာဏ်ကိုပြတဲ့အခန်းဖြစ်သလို Mulan မိန်းမမှန်းသူ့တပ်သားတွေသိသွားတဲ့အခန်းလည်းဖြစ်တယ်။ ကာတွန်းကားထဲမှာကျတော့ Mulan ကအမြှောက်နဲ့ပစ်လို့ရေခဲတောင်ပြိုကျတာ။ Live-action မှာကျတော့အကွာအဝေးမတွက်တတ်တဲ့လူဆိုးတွေကမြှားတပစ်စာနေရာကို ကိုယ်တိုင်သွားတိုက်လို့ရရဲ့သားနဲ့ လောက်လွှဲနဲ့ပစ်လို့ရေခဲတောင်ပြိုကျတာ။
ရေခဲတောင်ပြိုကျရင်ပြီးရောဆိုပေမယ့် တနေရာမှာ Mulan ရဲ့တင်္ခနုပတ္တိဉာဏ်ကြောင့်ဖြစ်ပြီး နောက်တနေရာကျတော့လူဆိုးတွေရဲ့မိုက်မဲမှုကြောင့်ဖြစ်တယ်။ အဲ့ဒီနေရာမှာဇာတ်လမ်းကတော်တော်အားပျော့သွားပြီး တမင်ဆင်ထားသလိုကြီးဖြစ်သွားတယ်။
သူ့မိတ်ဆွေတွေက Mulan ကိုမိန်းမမှန်းသိသွားတာကျတော့ သူကိုယ်တိုင်ကထုတ်ပြောလိုက်လို့သိသွားတာ။ မတော်တဆပဲသိသိ သူပြောလို့ပဲသိသိ အချိန်တန်သိမှာပဲဖြစ်တာမို့ဒီအချက်ကိုတော့ဝေဖန်စရာမရှိပါဘူး။
နောက်တချက်က Rouran တပ်ရဲ့ခေါင်းဆောင် Bori Khan ကမင်းနေပြည်တော်ကိုရောက်နေပြီး စီးချင်းထိုးမယ်လို့ ဘုရင့် Chancellor ကတဆင့်စိန်ခေါ်တာကိုဘုရင်အဘိုးကြီး (Jet Li) ကလက်ခံတာပဲ။ ငါမအိုသေးလို့ပြချင်တာလား၊ မိုက်မဲတာလား၊ ဘုရင်ကို Mulan လာကယ်တဲ့ဇာတ်လမ်းဖြစ်အောင် တမင်လုပ်ထားတာလားတော့မသိဘူး။
သရုပ်ဆောင်ပိုင်းကတော့ထူးထူးခြားခြားမရှိပါဘူး။ ခင်ဗျားတို့အကြိုက် Liu Yifei ကတော့ ဖုန်တွေသဲတွေပေနေလည်းလှလှလေးပဲ။ အမြဲစိတ်ဖိစီးနေတဲ့မျက်နှာထားနဲ့ Gong Li ကတော့ကော်ပတ်ရုပ်ကြီးနဲ့တူတယ်။
Disney ကမိန်းမတွေရဲ့ဖြစ်တည်မှုနဲ့စွမ်းဆောင်ရည်ကိုအမျိုးမျိုးဖော်ကျူးခဲ့တာ Snow White ကနေ Elsa အထိ ရုပ်ရှင်တခုနဲ့တခုမရိုးခဲ့ရပါဘူး။ ဒါပေမယ့် Mulan မှာတော့ခပ်ပါးပါးပြရုံမဟုတ်တော့ဘဲ တနင့်တပိုးကြီးဖြစ်နေသလိုခံစားရပါတယ်။ ကြည့်ကောင်းရုံသာရှိပြီး ဘာမှမှတ်မှတ်ရရမကျန်ခဲ့မယ့်ရုပ်ရှင်မျိုးပါ။
MM+ Rating: 5/10