Sonic 2 ဟာတကမ္ဘာလုံးဝင်ငွေဒေါ်လာသန်း ၃၃၀ကျော်နဲ့ရုံဝင်ငွေအမြင့်ဆုံး ဗီဒီယိုဂိမ်းအခြေခံရုပ်ရှင်ဖြစ်သွားပါပြီ။ ဒါဟာသူ့အရှေ့က Sonic the Hedgehog တင်ခဲ့တဲ့စံချိန်ကိုထပ်ချိုးလိုက်တာပါပဲ။ ဟောလိဝုဒ်ရုပ်ရှင်တွေမှာများသောအားဖြင့် sequel တွေကဂွမ်းတတ်တာမို့ Sonic 2 ကတော့ဒီအစဉ်အလာကိုကျော်ဖြတ်နိုင်ခဲ့တယ်ဗျ။
Sonic 2 ဟာပထမကားမှာပြီးသွားတဲ့နေရာကနေအစပြုတယ်။ Mushroom Planet ကိုရောက်သွားတဲ့ Dr Robotnik (Jim Carrey) ဟာဂြိုဟ်ပေါ်ကနေလွတ်လမ်းရှာရင်း Knuckles (Idris Elba) နဲ့မတော်တဆတွေ့ပါတယ်။ Knuckles ကလည်းသူ့အကြောင်းနဲ့သူ Sonic (Ben Schwartz) ကိုမကျေနပ်သူမို့ ၂ယောက်သားပေါင်းမိသွားတယ်။
အဲ့ဒီအချိန်ကမ္ဘာမြေပေါ်မှာ Sonic က superhero လုပ်ဖို့ကြိုးစားနေပေမယ့် ကလေးဆန်လွန်းတဲ့သူ့အကျင့်ကြောင့် ကူညီတာကနည်းနည်းပျက်စီးတာကများများဖြစ်နေတယ်။ သူ့မိတ်ဆွေ Tom (James Marsden) နဲ့ Maddie (Tika Sumpter) တို့လင်မယားဟာဝိုင်ယီက Maddie ရဲ့ညီမမင်္ဂလာဆောင်သွားနေတုန်းမှာပဲ Sonic ကို Robotnik နဲ့ Knuckles တို့ဝင်တိုက်ကြတယ်။
Sonic အဖမ်းခံရတော့မယ့်ဆဲဆဲမှာ Tails (Colleen O’Shaughnessey) ကဝင်ကယ်လို့ အတူတူထွက်ပြေးလွတ်မြောက်သွားပါတယ်။ ဒီလိုနဲ့ပဲ ၂ယောက်သား Robotnik နဲ့ Knuckles ကိုရှောင်ရင်း Longclaw ပေးခဲ့တဲ့တာဝန်ကိုကျေပွန်အောင်ထမ်းဆောင်ဖို့ကြိုးစားရပါတော့တယ်။
ဇာတ်လမ်းအညွှန်းကတော့ဒီလောက်ပါပဲ။ Sonic 2 မှာ Tails နဲ့ Knuckles တို့လိုဇာတ်ကောင်တွေပါဝင်လာတာကြောင့် video game ရုပ်ရှင်ပိုပီပြင်လာတယ်။ သူတို့ ၃ယောက်နဲ့ Robotnik ဆုံတဲ့အခန်းတိုင်းဟာရယ်ရသလို ကြည့်လို့လည်းကောင်းပါတယ်။
ဒါပေမယ့်တခြားဇာတ်ကောင်တွေကတော့လုံးဝအရန်သာသာပဲ။ Tom နဲ့ Maddie တို့ကလည်း Sonic လိုအပ်တဲ့အချိန်မှာဝင်ကူညီပေးရုံကလွဲပြီးဘာမှလုပ်ကွက်မရှိဘူး။ Comic relief အဖြစ်ထည့်ထားတဲ့ဇာတ်ကောင်တွေကလည်းရယ်ရတာထက် ပေါချာချာဆန်နေသလိုပဲ။ သူတို့ထက်စာရင် အရမ်း serious ဖြစ်တဲ့ပုံစံသရုပ်ဆောင်ထားတဲ့ Knuckles ရဲ့ dialogue တွေကတောင်ပိုရယ်ရသေးတယ်။
Background soundtrack တွေကို It’s Tricky နဲ့ Baracuda တို့လိုသီချင်းတွေသုံးထားတာက ၂၀၀၀ခုနှစ်ဝန်းကျင်ကအက်ရှင်ဇာတ်မြူးကားတွေကိုပြန်အမှတ်ရစေတယ်။ ကျနော်ကိုယ်တိုင်ကလည်း Charlie’s Angels နဲ့ White Chicks လိုရုပ်ရှင်တွေကြည့်ပြီးကြီးပြင်းလာရသူမို့ ဒီ soundtrack တွေဆိုကြိုက်တယ်။
ဇာတ်လမ်းကအဆန်းတကျယ်မဟုတ်ပေမယ့် Sonic ကသူ့ပရိသတ်သူသိတယ်။ ကလေးတွေနဲ့ Sonic ဂိမ်းဆော့ပြီးကြီးလာတဲ့လူငယ်တွေကိုအဓိကထားတဲ့အတွက်သူ့အက်ရှင်တွေ သူ့ပြက်လုံးတွေဟာ ရုပ်ရှင် ၂ကားလုံးကိုအောင်မြင်စေတာဖြစ်ပါတယ်။ ဒါပေမယ့် Jim Carrey ကရုပ်ရှင်လောကကအနားယူဖို့စီစဉ်နေတာမို့ Robotnik မပါတဲ့ Sonic 3 ဟာလူကြိုက်များပါ့မလားလို့ တွေးမိပါတယ်။
လတ်တလောမှာတော့ Paramount နဲ့ Sega ကတတိယ Sonic ရုပ်ရှင်အပြင် Knuckles ကိုအခြေခံထားတဲ့ spin-off TV show တခုလည်းစီစဉ်နေတာမို့ Hedgehog လေးရဲ့အောင်မြင်မှုဟာအရှိန်လျော့သွားဖို့မရှိသေးပါဘူးခင်ဗျား။
MM+ Rating: 6/10