Fantastic Beasts saga ရဲ့ တတိယမြောက်ရုပ်ရှင်ကဒုတိယကားထက်ပိုကောင်းတယ်လို့တော့ပြောရမယ်။ ဇာတ်လမ်းကပိုသွက်တယ်၊ ရယ်ရတယ်၊ visual တွေလှတယ်။ ဒါပေမယ့် Harry Potter ဇာတ်ကားတွေကိုတော့မမီသေးဘဲ Harry Potter ရဲ့အရှိန်နဲ့ငွေရှာဖို့ရိုက်ကူးထားတဲ့ ဇာတ်ကားတကားသာဖြစ်နေပါသေးတယ်။ Spoiler ပါလို့ကြည့်ပြီးမှဖတ်ပါ။
Fantastic Beasts and Where to Find Them စထွက်တော့ဝမ်းသာမိတဲ့သူတွေထဲမှာ ကျနော်လည်းပါတယ်။ Wizarding World ကိုထပ်မြင်ချင်သေးတာရယ်၊ နာမည်ကြီးဇာတ်ကောင်တချို့ရဲ့ back story ရယ်ကိုသိချင်တာရယ်ကြောင့်ပါ။ ဒီ saga က ၂၀ရာစုအစောပိုင်းမှာဇာတ်အိမ်တည်ထားပြီး setting တွေ costume တွေကအစအနုစိတ်တယ်။
The Secrets of Dumbledore ကလည်းထိုနည်းလည်းကောင်းပဲ။ Albus Dumbledore (Jude Law) နဲ့ Gellert Grindelwald (Mads Mikkelsen) တို့လက်ဘက်ရည်ဆိုင်လှလှလေးမှာတွေ့ကြတဲ့အခန်းနဲ့ ဇာတ်လမ်းကိုစဖွင့်ပါတယ်။ ဇာတ်ကောင် ၂ယောက်ရဲ့သိမ်မွေ့တဲ့ခံစားချက်တွေ မျက်နှာရိပ်မျက်နှာကဲတွေကဆွဲဆောင်မှုရှိတယ်။ ၂ယောက်လုံးကလည်းခန့်ချောတွေကိုးဗျ။
ဒါပေမယ့်သူတို့ ၂ယောက်ကြားကဇာတ်လမ်းဟာဒီလောက်နဲ့တင်ပြီးသွားတယ်။ ပြောရရင် Fantastic Beasts saga တခုလုံးမှာတချိန်ကချစ်သူတွေဖြစ်ခဲ့ကြပြီး အခုရန်သူတွေဖြစ်သွားကြတဲ့ Dumbledore နဲ့ Grindelwald တို့ရဲ့ဇာတ်လမ်းဟာအရေးကြီးတဲ့ကဏ္ဍကပါပါတယ်။ ဒါပေမယ့်အခုထိသူတို့ ၂ယောက်ရဲ့အတိတ်ကိုစကားတွေနဲ့ပဲဖော်ပြပြီး flashback ပုံစံနဲ့တောင်မပြတာအံ့သြစရာပဲ။ Warner Bros က LGBT ဆန့်ကျင်တဲ့နိုင်ငံတွေမှာရုံတင်ခွင့်မရမှာစိုးရိမ်နေလို့လားတော့မသိဘူး။
ဒီလိုပဲ Albus နဲ့ Grindelwald၊ Albus ရဲ့ ညီ Aberforth နဲ့ညီမဖြစ်သူ Ariana တို့ ၄ဦးသားထိပ်တိုက်တွေ့ကြတဲ့အခန်းကလည်းဇာတ်ကောင်တွေနဲ့သာရိုက်ပြရင်တော်တော်လေးကို climatic ဖြစ်လောက်ပေမယ့် အပြောနဲ့တင်ပြီးသွားပါတယ်။ အပြောပဲရှိပြီးအပြမရှိတဲ့အခါကျတော့ ဇာတ်ကောင်တွေနဲ့ရင်းနှီးခွင့်မရပါဘူး။

ဒီကားကသရုပ်ဆောင်တွေနဲ့ setting တွေကောင်းပေမယ့် ဇာတ်လမ်းနဲ့ဇာတ်ကောင်စရိုက်ဖွဲ့စည်းမှုမှာပြဿနာရှိတယ်။ ဇာတ်ကောင်တွေတအားများပြီး sub plot တွေကလည်းပွစာကြဲနေပါတယ်။ စဉ်းစားကြည့်ဗျာ ၂နာရီစာရုပ်ရှင်တကားမှာ Albus နဲ့ Grindelwald၊ Albus နဲ့ Aberforth၊ Aberforth နဲ့သူ့ရဲ့တိတ်တိတ်ပုန်းရတဲ့သား Credence၊ Newt နဲ့ သူ့အစ်ကို Theseus၊ Jacob နဲ့ Queenie စသဖြင့် sub plot တွေထည့်ထားတော့တခုချင်းစီကိုသေချာတည်ဆောက်ဖို့အချိန်မရဘူး။ Eddie Redmayne ရဲ့ဇာတ်ကောင် Newt ကအရင်ကားတွေမှာဇာတ်လိုက်ဖြစ်ခဲ့ပေမယ့်ဒီကားမှာတော့ side character ဆန်ဆန်ဖြစ်သွားတယ်။
အဓိကဇာတ်လမ်းကတော့ Grindelwald က Qilin ဆိုတဲ့သမင်လိုလိုမှော်တိရစ္ဆာန်လေးကိုအသုံးချပြီး Minister of Magic ဖြစ်အောင်ကြံတဲ့ဇာတ်လမ်း။ Qilin တွေကလူတွေရဲ့စိတ်နှလုံးကိုကြည့်နိုင်စွမ်းရှိပြီး စိတ်သဘောထားပြည့်ဝတဲ့သူဆိုရင်ဦးညွတ်ပါသတဲ့။ ဆိုတော့သူဦးညွတ်တဲ့သူက Minister of Magic ဖြစ်ထိုက်သူပေါ့ဗျာ။
အဲ့ဒါနဲ့ Grindelwald ကမွေးခါစ Qilin လေးကိုဖမ်းပြီးသတ်၊ နောက်မှအသက်ပြန်သွင်းပြီး သူ့ကိုရွေးချယ်စေတယ်။ သူသာခေါင်းဆောင်ဖြစ်ရင်လူသားတွေကိုကျွန်ပြုပြီး မှော်ပညာရှင်တွေကိုသာမင်းမူစေမယ်ပေါ့။ သူ့ကို German Ministry of Magic ကထောက်ခံတယ်။ အချိန်ကလည်း ၁၉၃၀ကာလ နာဇီဝါဒခေတ်စားနေချိန်ဆိုတော့ကာလံဒေသံနဲ့တော့ဟပ်မိသား။ Grindelwald ကလည်းမှော်နာဇီကိုး။
အရင်က Minister of Magic ကိုမှော်လောကသားတွေ မဲပေးတင်မြှောက်ပေမယ့်အခုကျမှ Qilin ရဲ့ရွေးချယ်မှုနဲ့တင်မြှောက်မယ့်ဇာတ်လမ်းက နည်းနည်းတော့ကလေးဆန်တယ်။ Candidate တွေကလည်းအသာတကြည်လက်ခံလိုက်ကြတာပဲ။ :\
ဇာတ်လမ်းနဲ့ဇာတ်ကောင်စရိုက်ကတော်တော်အားနည်းတော့ကြည့်လို့ကောင်းတာပဲရှိပြီး ဘာမှမှတ်မှတ်ရရဖြစ်မကျန်ခဲ့ဘူး။ Jacob နဲ့ Newt ရဲ့အခန်းတွေ၊ witty ဖြစ်တဲ့ဇာတ်ကောင်တွေအပြန်အလှန်စကားပြောကြတာတွေရှိလို့သာမပျင်းရတာ။ Johnny Depp နေရာမှာ Mikkelsen ထည့်လိုက်လို့ဇာတ်ကောင်ကိုထိခိုက်မသွားပါဘူး။ Mikkelsen ကိုယ်တိုင်ကလည်းထူးချွန်တဲ့သရုပ်ဆောင်ပဲဆိုတော့လေ။
ဒါကတော့ကျနော့်အမြင်သက်သက်ပါ။ ကြည့်ပြီးသွားတဲ့သူတွေရှိရင်လည်း comment မှာထင်မြင်ချက်ကိုရေးသွားနိုင်ပါတယ်။
MM+ Rating: 6/10