၂၀၀၀ နောက်ပိုင်းမှာ ကပ်ရောဂါ အသစ်တွေ၊ ရာသီဥတုဖောက်ပြန်မှုတွေ ပိုများလာတာကို သတိပြုမိကြမှာပါ။ သစ်တောပြုံးတီးခြင်း၊ တရားမဝင် စိုက်ပျိုးမြေတိုးချဲ့ခြင်းနဲ့ တောရိုင်းတိရစ္ဆာန်သတ်ဖြတ်ခြင်းတွေကြောင့် ၁၉၇၀ ကနေ ၂၀၁၆ ခုနှစ်ကာလအတွင်း တောရိုင်းတိရစ္ဆာန် ၆၈ ရာခိုင်နှုန်း သေဆုံး ပျောက်ကွယ်ခဲ့တယ်လို့ ကမ္ဘာ့တောရိုင်းတိရစ္ဆာန်ထိန်းသိမ်းရေး အဖွဲ့ကြီးရဲ့ ထုတ်ပြန်ချက်မှာပါရှိပါတယ်။ လူတွေရဲ့လုပ်ရပ်တွေကြောင့် သစ်တောများပြုန်းတီးလာပြီး တောရိုင်းတိရစ္ဆာန်တွေ လူတွေနဲ့နီးကပ်မှုတွေကစလို့ ကပ်ရောဂါတွေ ဖြစ်လာကြပါတယ်။ အသားစားကြူးတဲ့လူတွေကြောင့် တောရိုင်းတိရစ္ဆာန် ထောင်နဲ့ချီသိုလှောင်မှုတွေရှိလာပါတယ်။ လူနဲ့တိရိစ္ဆာန်နီးကပ်လာတာနဲ့အမျှ ရောဂါပိုးတွေ့ရှိမှုတွေကလည်း များပြားလာပါတယ်။
ဒါကြောင့် ကမ္ဘာ့တောရိုင်းတိရိစ္ဆာန်စောင့်ရှောက်ရေးအသင်းကြီးက သစ်တောတွေထိန်းသိမ်းဖို့နဲ့ တောရိုင်းတိရစ္ဆာန်သတ်ဖြတ်စားသောက်တာတွေ တားဆီးပေးဖို့ အစဥ်အမြဲတိုက်တွန်းနေတာဖြစ်ပါတယ်။ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနဲ့ တောရိုင်းတိရစ္ဆာန် ကာကွယ်ရေးဥပဒေတွေ ပြဌာန်းပေးဖို့ကိုလည်း အစိုးရတွေကို တိုက်တွန်းနေကြပါတယ်။ ဒါ့အပြင် နို့ထွက်ပစ္စည်းတွေနဲ့ အသီးအရွက်ကို ဦးစားပေးစားသုံးဖို့ အကြံပေးထားပါတယ်။ အစားအစာတွေအလေအလွင့်များခြင်း၊ မလိုအပ်ဘဲသိုလှောင်ခြင်းများ လျော့ချဖို့ လိုအပ်လာပါပြီ။
တောရိုင်းတိရစ္ဆာန် ၂၁၀၀၀ ထဲက မျိုးစိတ် ၄၀၀၀ ကို အထူးထိန်းသိမ်းဖို့လိုအပ်သလို ၂၀၃၀ ပြည့်နှစ်အတွက် ကြိုတင်ပြင်ဆင်ထားဖို့ ပညာရှင်တွေက အကြံပေးထားပါတယ်။ မျိုးစိတ်တွေကို ထိန်းသိမ်းတဲ့နေရာမှာ လူတွေရဲ့ နေထိုင်စားသောက်မှုပုံစံမပြောင်းလဲဘဲ ထိန်းသိမ်းလို့မရဘူးလို့ WFF ကပြောပါတယ်။ WFF ဒါရိုက်တာ လန်ဘာတီနီက လူတွေရဲ့ကျန်းမာရေး နဲ့ တိရစ္ဆာန်တွေရဲ့ ရှင်သန်မှု ဆက်စပ်မှုတွေရှိနေတယ်လို့ ပြောထားပါတယ်။ WFF တာဝန်ရှိသူ မာကိုက “လူတွေရဲ့နေထိုင်မှုပုံစံနဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဆက်စပ်နေတာကို သတိမပြုလို့မရပါဘူး။ သမုဒ္ဒရာထဲက ငါးတွေ၊ မြစ်ချောင်းတွေ နားက ပျားတွေဟာ ဂေဟစနစ်ကို ထိန်းသိမ်းနေကြတာပါ။ ဂေဟစနစ်ပျက်စီးရင် သတ္တလောကကြီးပျက်စီးသွားပါလိမ့်မယ်လို့ ပြောထားပါတယ်။
တောရိုင်းတိရစ္ဆာန် နဲ့ သဘာဝပတ်ဝန်းကျင်ကို ကာကွယ်တာ လူတွေရဲ့ကျန်းမာရေးနဲ့ အနာဂတ်ကိုကာကွယ်တာပါပဲ။ အာဖရိက ကဆင်တွေ သေဆုံးမှု၊ တောင်တရုတ်ပင်လယ်ထဲက အလွန်အကျွံငါးဖမ်းမှု၊ ဥရောပတိုက်က သားရေသုံးစွဲမှုတွေ သတ္တလောက တစ်ခုလုံးကို ရိုက်ခတ်နေပါတယ်။ ဒါကြောင့် အနာဂတ် မျိုးဆက်သစ်တွေ အတွက် သာယာလှပတဲ့ လူဘောင်ဖန်တီးပေးဖို့ သဘာဝပတ်ဝန်းကျင်နဲ့ တောရိုင်းတိရစ္ဆာန်တွေကို အချိန်မီထိန်းသိမ်းဖို့ လိုအပ်နေပြီဖြစ်ကြောင်း ဖော်ပြလိုက်ရပါတယ်။
Wai Lin