Advertisement

နိုဝင်ဘာလထဲမှာထုတ်လွှင့်မယ့် Netflix ရုပ်ရှင်နဲ့ဇာတ်လမ်းတွဲတွေထဲက စိတ်ဝင်စားစရာကောင်းတာတချို့ကို စုစည်းဖော်ပြလိုက်ပါတယ်။

Hillbilly Elegy (24 Nov)

Amy Adams, Glenn Close နဲ့ Freida Pinto တို့ခေါင်းဆောင်ပါဝင်ထားတဲ့ဒီရုပ်ရှင်က အမေရိကန်ကျေးလတ်ဒေသကမိသားစုတွေရဲ့ဘဝနေထိုင်မှု၊ မျိုးဆက်ကွာဟမှုပြဿနာ၊ မူးယစ်ဆေးစွဲလမ်းမှု စတဲ့လူမှုရေးဖြစ်ရပ်တွေကိုရိုက်ပြထားတယ်။ Adams နဲ့ Close တို့ကသားအမိအဖြစ်သရုပ်ဆောင်ထားပါတယ်။

ဒီရုပ်ရှင်ဟာ ၂၀၁၆ခုနှစ်တုန်းကထွက်ရှိခဲ့တဲ့ဝတ္ထုစာအုပ် Hillbilly Elegy ကိုအခြေခံထားတယ်။ ဒီစာအုပ်ကိုရေးသားခဲ့တဲ့စာရေးဆရာက ရီပက်ဘလီကန်ပါတီဝင်လူဖြူတယောက်ဖြစ်ပြီး သူ့စာအုပ်ဟာ လူဖြူဆင်းရဲသားတွေရဲ့ဘဝကိုအဆိုးမြင်ရှုထောင့်ကရေးထားတယ်လို့ဝေဖန်ခံခဲ့ရတာပါ။

ဒီလိုဝိဝါဒကွဲပြားစရာကောင်းတဲ့ဇာတ်လမ်းမျိုးကိုချပြရဲတာဟာ Netfilix ရဲ့အစဉ်အလာလိုဖြစ်နေပြီဆိုတော့ သိပ်တော့လည်းမထူးဆန်းပါဘူး။ ကျနော်ကတော့ မင်းသမီး ၂ယောက်ရဲ့ဇာတ်ဝင်ခန်းဓာတ်ပုံတွေကြည့်ရုံနဲ့တင် တော်တော်စိတ်ဝင်စားနေပြီ။

Paranormal (5 Nov)

ဒီဇာတ်လမ်းတွဲကအီဂျစ်မှာအရောင်းရဆုံးတစ္ဆေသရဲဝတ္ထုတွေကိုအခြေခံထားတယ်။ ၁၉၆၉ခုနှစ် အီဂျစ်နိုင်ငံမှာ ဇာတ်အိမ်တည်ထားပြီး သဘာဝလွန်ဖြစ်ရပ်တွေကိုအယုံအကြည်မရှိတဲ့သွေးပညာရှင် (hematologist) Dr. Refaat Ismail တယောက်ဂါဝန်အဖြူနဲ့ကလေးမလေးတယောက်ကိုမြင်ယောင်ရာကနေ ဇာတ်လမ်းစပါတယ်။
ဒီကလေးမလေးဟာသူငယ်စဉ်ကကြုံတွေ့ခဲ့ရတဲ့အဖြစ်ဆိုးတခုနဲ့ဆက်စပ်နေမှန်းရိပ်မိသွားတဲ့အခါမှာတော့ Dr. Ismail ဟာသူတသက်လုံးယုံကြည်ခဲ့တဲ့သိပ္ပံပညာကိုသံသယဖြစ်လာပါတော့တယ်။

The Crown: 4th Season (15 Nov)

အဲလစ်ဇဘတ်ဘုရင်မကြီးရဲ့ဘဝဇာတ်လမ်းကိုအခြေခံထားတဲ့ဒီဇာတ်လမ်းတွဲဟာ ၄ခုမြောက် Season မှာအဆုံးသတ်တော့မှာပါ။ ၁၉၄၇ခုနှစ်မှာကျင်းပခဲ့တဲ့သူမရဲ့မင်္ဂလာပွဲကနေ ယနေ့ခေတ်အထိပြောင်းလဲလာတဲ့ ဗြိတိသျှတော်ဝင်မိသားစုရဲ့ပုံရိပ်တွေကိုတင်ဆက်ထားတယ်။

Season 4 မှာတော့ ၁၉၇၇-၉၀ ပြည့်နှစ်ကာလတွေကိုအခြေခံရိုက်ကူးထားပါတယ်။ ဘုရင်မကြီးအဖြစ် Olivia Colman ကိုပြန်တွေ့ရမှာဖြစ်ပြီး ဇာတ်ကောင်သစ်တွေအနေနဲ့ Gillian Anderson နဲ့ Emma Corrin တို့က Margaret Thatcher နဲ့ Diana Spencer တို့အဖြစ်ပါဝင်လာပါတယ်။
ဒီ Season မှာတော့တော်ဝင်မိသားစုရဲ့ရှေးရိုးစွဲအယူအဆတွေဟာ ခေတ်သစ်ရဲ့စိန်ခေါ်မှုနဲ့ရင်ဆိုင်ရပုံကိုမြင်ရပါလိမ့်မယ်။ 

We are the Champions (17 Nov)

ဇာတ်လမ်းတွဲတွေကြည့်ရတာငြီးငွေ့နေပြီဆိုရင် ပေါ့ပေါ့ပါးပါးနဲ့ရယ်ရမယ့် talent show လေးပါ။ ဒီ show မှာတောင်စောင်းပေါ်ကလှိမ့်ချရင်းဘယ်သူအောက်ကိုအရင်ရောက်လဲလို့ပြိုင်တာ၊ ဖားခုန်ပြိုင်တာ၊ ဆံပင်ကိုအလန်းဆုံးဖြစ်အောင်ပြင်ဆင်တာ စတဲ့ထူးထူးဆန်းဆန်းယှဉ်ပြိုင်မှုတွေကိုတွေ့ရမယ်။ 

Jingle Jangle: A Christmas Journey (13 Nov)

JINGLE JANGLE: A CHRISTMAS JOURNEY (2020) Madalen Mills as Journey Jangle and Forest Whitaker as Jeronicus Jangle. Cr.Gareth Gatrell/NETFLIX

Christmas နီးပြီဆိုတော့ Holiday ရုပ်ရှင်ကြိုက်တဲ့သူတွေသဘောကျမယ့်ကားမျိုးပါ။ Forest Whitaker နဲ့ Ricky Martin တို့ပါဝင်ထားတဲ့ဒီတေးသံစုံဇာတ်မြူးမှာ John Legend ရဲ့သီချင်းသစ်တွေကိုတဝကြီးနားထောင်ရမှာဖြစ်ပါတယ်။ 

Advertisement

LEAVE A REPLY

Please enter your comment!
Please enter your name here