Stranger Things season 4 volume 1 ကထွက်ပြီးတာတပတ်လောက်ကြာပြီဆိုတော့ တော်တော်များများလည်း ကြည့်ပြီးကြပြီထင်ပါတယ်။ အထူးတလည်ညွှန်းစရာမလိုတဲ့ဇာတ်လမ်းတွဲမို့ အညွှန်းဆိုတာထက် ထင်မြင်ချက်သဘောလေးရေးထားတာပါ။ Spoiler ပါလို့ကြည့်ပြီးမှဖတ်ပါ။
အပိုင်းတပိုင်းကို တနာရီကျော်ကြာပြီး အပိုင်း ၇ပိုင်းပါတဲ့ Vol 1 ကအရင် season တွေထက်ကြာသလို ဇာတ်ကောင်တွေလည်းပိုများလာတယ်။ S3 ထက်လည်းပိုကောင်းတယ်။ အရင်က Hawkins တဝိုက်မှာပဲဇာတ်အိမ်တည်ထားပေမယ့် အခုဆို နီဗားဒါး၊ ကယ်လီဖိုးနီးယား၊ အလစကာနဲ့ ရုရှားဆိုပြီး ၄နေရာဖြန့်ပြရတယ်။ ဒီလို scope ကျယ်လာတဲ့အတွက် ကောင်းတာတွေလည်းရှိသလိုမကောင်းတာတွေလည်းရှိပါတယ်။ ကောင်းတာတွေအရင်ပြောမယ်ဗျာ။
အထင်ရှားဆုံးပြောင်းလဲမှုကတော့ tone ပဲ။ ST က mystery/horror ပုံစံသွားတယ်ဆိုပေမယ့် အရင် season တွေကအခု season လောက်မကြမ်းဘူး။ S4 မှာဇာတ်ကောင်တွေအရွယ်ရောက်လာတာနဲ့အမျှ အကြောင်းအရာတွေကပိုရင့်ကျက်လာတယ်။ Body image issue, PTSD, trauma စတဲ့စိတ်ကျန်းမာရေးပြဿနာတွေကို ဆွေးနွေးထားတဲ့အပြင် victim တွေသေတဲ့အခါမှာလည်းမျက်လုံးတွေပေါက်ထွက် ခြေတွေလက်တွေကျိုးစသဖြင့် ခပ်ကြမ်းကြမ်းရိုက်ပြထားလို့ ဒါ ST မှဟုတ်ရဲ့လား Stephen King ဝတ္ထုကိုအခြေခံထားတဲ့ဇာတ်လမ်းတွဲများလားလို့တွေးမိတဲ့အထိပဲ။ ကျနော်ကတော့အခုလို tone ပြောင်းထားတာကိုကြိုက်ပါတယ်။
အကြိုက်ဆုံးဇာတ်ကောင်ကတော့ Maxine (Sadie Sink) ပဲ။ ဂျွတ်ဆတ်ဆတ်ချာတိတ်မလေးကနေ အတိတ်ဆိုးရဲ့ခြောက်လှန့်မှုခံစားနေရတဲ့ဆယ်ကျော်သက်တယောက်အဖြစ်မြင်ရမယ်။ သူ့ရဲ့ character growth က S4 ရဲ့ highlight တခုပါပဲ။ Max ဟာမအေတူဖအေကွဲအစ်ကိုဖြစ်သူ Billy သေဆုံးခဲ့တဲ့အတွက်ဝမ်းနည်းမှုရော survivor guilt ရောခံစားနေရာကနေ သူငယ်ချင်းတွေရဲ့ချစ်ခင်အားပေးမှုနဲ့ ကိုယ့်ကိုယ်ကိုယ်ပြန်လည်ထူထောင်နိုင်ခဲ့ပါတယ်။ Dear Billy က S4V1 မှာအကြိုက်ဆုံး episode ပဲ။
001 နဲ့ Vecna ဆက်စပ်မှု plot twist၊ ဇာတ်ကောင်သစ် Eddie၊ ၁၉၈၀ ဝန်းကျင်ကခေတ်စနစ်နဲ့ ဘာသာရေးအယူသည်းမှုတွေကိုထင်ဟပ်ပြသွားတာတွေကိုလည်းသဘောကျပါတယ်။
သိပ်စိတ်တိုင်းမကျတာကတော့ ပြချင်တာတွေတအားများနေလို့တချို့ဇာတ်ကောင်တွေဘေးရောက်ကုန်တာပဲ။ ဥပမာ Will, Jonathan နဲ့ Mike တို့ဆို သိပ်နေရာမရဘူး။ ပြီးတော့ Nancy ကိုယ်တိုင်ကလည်းအခုချိန်ထိ Jonathan နဲ့ Steve ကြားဗျာများနေရတာကိုလည်းသဘောမကျဘူး။
အစက Steve နဲ့တွဲနေရာကနေအဆင်မပြေဖြစ်၊ Jonathan နဲ့အနေနီးသွားလို့သူနဲ့တွဲ။ Season ၂ခုလောက်လည်းကြာရော Jonathan နဲ့အဆင်မပြေဖြစ်သွားပြန်ရော။ သူတို့ ၂ယောက်ရဲ့စကားအသွားအလာတွေကိုကြည့်ရင် သူကငါ့ကိုချစ်တာသေချာပါတယ်လို့ reassurance လုပ်နေရသလိုပဲ။ အဲ့ဒီမှာ Steve နဲ့အနေနီးသွားတော့ သူ့အပေါ်စိတ်လည်လာသလိုလိုဖြစ်ပြန်ရော။ တဖြည်းဖြည်း Nancy ဇာတ်ကောင်စရိုက်ကယောကျ်ား ၂ယောက်ကြားတွေဝေပြီး အနေနီးတဲ့သူနောက်ပါတတ်တဲ့မိန်းမဖြစ်နေပြီ။
နောက်တခုက Hopper ရဲ့ subplot ပဲ။ နောက်မှ main plot နဲ့ဘယ်လိုချိတ်ဆက်မလဲမသိဘူး၊ လောလောဆယ်တော့သူ့ subplot က mature action တွေပြဖို့သက်သက်ထည့်ထားသလိုခံစားရပါတယ်။
ဇူလိုင် ၁ရက်နေ့မှာ volume 2 ထွက်ဦးမှာဖြစ်လို့ V1 မှာစိတ်တိုင်းမကျတာတွေကိုဒီလောက်နဲ့ပဲ ရပ်ထားလိုက်ပါဦးမယ်။ V2 က ၂ပိုင်းပဲပါမှာဖြစ်ပေမယ့် E8 က ၁နာရီခွဲလောက်ကြာပြီး E9 က ၂နာရီခွဲလောက်ကြာလို့အားရပါးရကြည့်ရမှာပါ။
MM+ Rating: 7/10