Netflix ကတခါတလေနိုင်ငံတခုကသရုပ်ဆောင်တွေ ဒါရိုက်တာတွေနဲ့ပူးပေါင်းပြီး original language show တွေထုတ်လုပ်လေ့ရှိတယ်။ Paranormal ကအရင်အပတ်ကမှထွက်ရှိထားတဲ့ အီဂျစ်ဘာသာစကားနဲ့ ထိတ်လန့်သည်းဖိုဇာတ်လမ်းတွဲတခုဖြစ်ပါတယ်။
အီဂျစ်မှာအရောင်းရဆုံးစာရင်းဝင်ခဲ့တဲ့ဝတ္ထုကိုအခြေခံထားတာဖြစ်ပြီး ၁၉၆၉ခုနှစ်အီဂျစ်နိုင်ငံမှာ ဇာတ်အိမ်တည်ထားတယ်။ အပိုင်း ၆ပိုင်းပဲပါပါတယ်။ ဒီအညွှန်းက spoiler free မို့စိတ်ချလက်ချဖတ်ပါ။
ကျနော်တို့ရဲ့ဇာတ်လိုက် Rafaat ဟာအမြဲလိုလိုကံဆိုးတတ်သူပါ။ သောက်လက်စကော်ဖီခွက်ကအကြောင်းတခုခုကြောင့်စားပွဲပေါ်မှောက်ကျတာမျိုး၊ ဖာလာစေ့မကြိုက်ပေမယ့် ဘာစားစားဖာလာစေ့ကိုက်မိတာမျိုးတွေရိုက်ပြရင်း Rafaat ကံဘယ်လောက်ဆိုးကြောင်း ဒါရိုက်တာကပုံဖော်ဖို့ကြိုးစားပါတယ်။
အသက် ၄၀ပြည့်သွားတာတောင်အိမ်ထောင်မပြုရသေးတဲ့ တက္ကသိုလ်ပါမောက္ခ Rafaat ကိုအစ်မဖြစ်သူက သူ့ရဲ့ဝမ်းကွဲညီမတယောက်နဲ့ပေးစားဖို့ကြိုးစားပါတယ်။ Rafaat မွေးနေ့မှာသူ အင်္ဂလန်မှာကျောင်းသွားတက်ရင်းခင်မင်ခဲ့တဲ့ စကော့တလန်သူ Maggie ကအီဂျစ်ကိုအလုပ်ကိစ္စနဲ့လာရင်း Rafaat ကိုလာတွေ့ပါတယ်။
Maggie ကမကြာခင်ကပဲသူ့ခင်ပွန်းနဲ့ကွာရှင်းခဲ့တဲ့အတွက် စိတ်ပြေလက်ပျောက်ခရီးထွက်လာတာဖြစ်ကြောင်း ပြောပြတော့ ငယ်ငယ်ကတည်းက Maggie ကိုကြိတ်ကြိုက်နေတဲ့လူပျိုကြီး Rafaat လည်းစိတ်လှုပ်ရှားသွားတာပေါ့။ Rafaat ဟာသူ့မွေးနေ့ညစာစားပွဲကိုအတူသွားဖို့ဖိတ်တော့ Maggie လည်းလက်ခံလိုက်ပါတယ်။
ဒီလိုနဲ့သူ့မွေးနေ့ညစာစားပွဲမှာ Rafaat ရဲ့မောင်နှမတွေနဲ့ Maggie တို့တွေ့ကြပြီး ထိတ်လန့်ခြောက်ခြားဖွယ်သဘာဝလွန်အဖြစ်အပျက်တွေနဲ့ရင်ဆိုင်ရပါတော့တယ်။
ဒါကတော့ဇာတ်လမ်းအကျဉ်းနဲ့ အဓိကဇာတ်ကောင်တွေအကြောင်းပါ။ Rafaat ကသဘာဝလွန်အဖြစ်အပျက်တွေအပေါ်အယုံအကြည်မရှိဘဲ အရာရာကိုသိပံပညာနဲ့ဖြေရှင်းနိုင်တယ်လို့ ခံယူထားသူပါ။ ဖန်တရာတေနေတဲ့ဇာတ်ကောင်တည်ဆောက်ပုံကို ဟာသလေးတွေ၊ အလွဲလေးတွေနဲ့တန်ဆာဆင်ထားပြီး ကြည့်ပျော်ရှုပျော်ဖြစ်အောင်တော့ရိုက်ပြထားပါတယ်။
Rafaat ဟာသရဲတစ္ဆေတွေမြင်နိုင်စွမ်းရှိပေမယ့် ဒါတွေဟာမျက်စိမှောက်တာ၊ အမြင်မှားတာလို့တွေးပြီး ကိုယ့်ကိုယ်ကိုယ်ဖြေသိမ့်လေ့ရှိတယ်။ ဒါပေမယ့် သူ့ငယ်ဘဝကအဖြစ်အပျက်တခုနဲ့ဆပ်စပ်နေတဲ့ တစ္ဆေတကောင်ဟာ သူ့လိုပဲသရဲတွေကိုမြင်နိုင်စွမ်းရှိတဲ့တူလေးကိုဒုက္ခပေးလာတဲ့အခါမှာတော့ Rafaat ဟာသူ့အစွမ်းကိုသုံးပြီး ဒီတစ္ဆေအကြောင်းစုံစမ်းရပါတော့တယ်။
Paranormal ကိုကြည့်ရင်း Supernatural ကိုသတိရမိတယ်။ အဓိကဇာတ်ကောင် Rafaat က Sam နဲ့ Dean လိုတော့မချောဘူးပေါ့။ သရဲတစ္ဆေတွေကိုစုံစမ်းထောက်လှမ်းတာ၊ ဟာသနှောပြီးရိုက်ကူးထားတာတွေကြောင့် Supernatural ကိုမြင်ယောင်မိတာပါ။
သရဲခြောက်တဲ့နေရာမှာ jumpscare တွေသုံးထားတာ၊ ဇာတ်ကောင်ပုံစံက နည်းနည်း cliché ဖြစ်တာကလွဲရင် ကြည့်လို့ကောင်းတဲ့ဇာတ်လမ်းဖြစ်ပါတယ်။ တပိုင်း မိနစ် ၅၀လောက်နဲ့ အပိုင်း ၆ပိုင်းပဲပါတာမို့ အချိန်သိပ်မပေးရဘူး။ ပြီးတော့ တွေ့ရခဲတဲ့အီဂျစ်နိုင်ငံကထုံးတမ်းစဉ်လာတွေကိုအခြေခံရိုက်ကူးထားတာမို့ ကြည့်ကြည့်ဖို့ညွှန်းပါတယ်။
MM+ Rating: 6.5/10