ဒီဇင်ဘာလထဲမှာထုတ်လွှင့်မယ့် Netflix ရုပ်ရှင်နဲ့ဇာတ်လမ်းတွဲတွေထဲက စိတ်ဝင်စားစရာကောင်းတာတချို့ကို စုစည်းဖော်ပြလိုက်ပါတယ်။
Bridgerton (Dec 25)

ဒီစီးရီးကိုစိတ်ဝင်စားရတဲ့အကြောင်းရင်းက Grey’s Anatomy တို့ How to Get Away with Murder တို့လို တီဗီစီးရီးတွေမှာ executive producer အဖြစ်ပါဝင်ခဲ့တဲ့ Shonda Rhimes ကထုတ်လုပ်ထားလို့ပါ။ Rhimes ကလူမှုရေးပြဿနာတွေ၊ အလုပ်နဲ့လူမှုကျင့်ဝတ်တွေအကြောင်းစိတ်ဝင်စားစရာကောင်းအောင် ရိုက်ပြနိုင်စွမ်းရှိတယ်။
Bridgerton ကတော့ ၁၉ရာစုအစောပိုင်းဗြိတိန်နိုင်ငံကကြေးရတတ်မိသားစုတစုကို ဇာတ်အိမ်တည်ထားပါတယ်။ Bridgerton မောင်နှမ ၈ယောက်ဟာသူတို့ရဲ့မိခင်မုဆိုးမနဲ့အတူနေထိုင်ကြရင်း သူတို့ဘဝရဲ့ဖူးစာဖက်တွေကိုရှာဖွေကြတဲ့ဇာတ်လမ်းပါ။ Downton Abbey လို period drama ကြိုက်တဲ့သူတွေကတော့သဘောကျမယ်ထင်ပါတယ်။
The Prom (Dec 11)

Meryl Streep, James Corden, Nicole Kidman, Kerry Washington တို့လိုနာမည်ကြီးတွေဦးဆောင်ထားတဲ့တေးသံစုံဟာသဇာတ်မြူးရုပ်ရှင်ဖြစ်ပါတယ်။ ဒါရိုက်တာက Ryan Murphy (Glee, American Horror Story) ဆိုတော့စောင့်ကြည့်ရမယ့်ရုပ်ရှင်ဖြစ်တယ်။
New York ကနာမည်ကျနေတဲ့ပြဇာတ်သရုပ်ဆောင် ၄ယောက်ဟာနယ်မြို့လေးတခုကကျောင်းသူလေး Emma ကိုသရုပ်ဆောင်သစ်အဖြစ်ပျိုးထောင်ပေးရင်း သူတို့နာမည်ကိုပြန်အဖတ်ဆည်ဖို့ကြိုးစားကြတဲ့ဇာတ်လမ်းပါ။ မြို့ကြီးပြကြီးကပြဇာတ်သရုပ်ဆောင်တွေနဲ့ကျေးလတ်ကဒေသခံတွေကြား ဘုဘောက်ကျကြပုံကိုကြည့်ရပါလိမ့်မယ်။
The Midnight Sky (Dec 23)

ပျောက်ချက်သားကောင်းနေတဲ့မင်းသားကြီး George Clooney ကဒါရိုက်တာ/သရုပ်ဆောင်အဖြစ်ပါဝင်ထားတဲ့ ထိတ်လန့်သည်းဖိုရုပ်ရှင်ပါ။ ထူးဆန်းတဲ့ကပ်ဘေးတခုကြောင့်ကမ္ဘာကြီးပျက်စီးသွားတဲ့အနာဂတ်ကာလတခုမှာ ဇာတ်အိမ်တည်ထားတယ်။
Augustine (Clooney) ဟာအာတိတ်ဒေသမှာတယောက်တည်းကျန်ရှိနေတဲ့သိပ္ပံပညာရှင်တဦးပါ။ သူဟာအာကာသကနေကမ္ဘာမြေပေါ်ပြန်လာဖို့ပြင်ဆင်နေတဲ့ အာကာသယာဉ်မှူးတွေကို ကပ်ဘေးအကြောင်းသတိပေးဖို့ကြိုးစားတဲ့ဇာတ်လမ်းဖြစ်ပါတယ်။
Tiny Pretty Things (Dec 14)

ဒီဇာတ်လမ်းတွဲရဲ့မူရင်းဝတ္ထုကိုဖတ်ပြီးသူတွေကတော့ Black Swan နဲ့ Pretty Little Liars ကိုရောထားတာနဲ့တူတယ်လို့ပြောကြပါတယ်။ ဆယ်ကျော်သက်မိန်းကလေးတွေရဲ့ဆက်ဆံရေး၊ နာမည်ကြီးဖို့ဘာလုပ်ရလုပ်ရလုပ်မယ်ဆိုတဲ့လူတွေအကြောင်းပြောထားတဲ့ young adult ဇာတ်လမ်းပါ။
New York ကနာမည်ကြီးဘဲလေးအကသင်တန်းကျောင်းမှာအောင်မြင်မှုရဖို့ Bette, June နဲ့ Gigi ဆိုတဲ့သင်တန်းသူ ၃ယောက်အချင်းချင်းပြိုင်ဆိုင်ကြပုံ၊ စသလိုနောက်သလိုနဲ့တဦးကိုတဦးဖျက်လိုဖျက်ဆီးလုပ်ကြပုံတွေကိုကြည့်ရမယ်။
Chilling Adventures of Sabrina: Part 4 (Dec 31)

Sabrina ရဲ့အနာဂတ်ကကောလဟာလအမျိုးမျိုးကြားမှာမရေမရာဖြစ်နေပါတယ်။ မူလက Season 4 မှာဇာတ်သိမ်းမယ်လို့ကြားပေမယ့် Riverdale နဲ့ crossover လုပ်မယ်လို့လည်းကြားနေတယ်။ ကျနော့်အမြင်ကတော့ Sabrina ကဇာတ်သိမ်းမယ်ဆိုရင်လည်းသိမ်းလို့ရတဲ့အနေအထားဖြစ်နေပါပြီ။
Season 4 မှာတော့ Spellman မိသားစုဟာနောက်ထပ်စစ်ပွဲတပွဲနဲ့ရင်ဆိုင်ရမှာပါ။ နောက်ပြီးတော့ Season 3 မှာပြခဲ့တဲ့ပဟေဠိတွေကိုဖြေရှင်းသွားပါလိမ့်မယ်။ မကြည့်ရသေးတဲ့သူတွေကို spoil သလိုဖြစ်မှာစိုးလို့မပြောတော့ဘူးနော်။