Advertisement

တောင်ကိုရီးယားရုပ်သံဇာတ်လမ်းတွဲလောကဟာအများထင်ထားသလိုချစ်ကွဲညားဇာတ်လမ်းတွေနဲ့ချည်း ပြည့်နေတာမဟုတ်ပါဘူး။ နန်းတွင်းအရှုပ်တော်ပုံနဲ့ဖုတ်ကောင်ဇာတ်လမ်းရောစပ်ထားတဲ့ Kingdom၊ သဘာဝလွန်ဖြစ်ရပ်တွေနဲ့မိခင်မေတ္တာကိုဖော်ညွှန်းထားတဲ့ Hi Bye, Mama!၊ စိတ်ကျန်းမာရေးအကြောင်းမီးမောင်းထိုးပြထားတဲ့ It’s Okay Not to be Okay လိုဇာတ်လမ်းတွဲတွေ လိုပုံစံခွက်ထဲကဖောက်ထွက်လာတဲ့ K Drama တွေလည်းရှိပါသေးတယ်။

Sweet Home ကနိုင်ငံတကာဈေးကွက်အတွက်ရည်ရွယ်ပြီးရိုက်တဲ့ dystopian survival ဇာတ်လမ်းမျိုးပါ။ နာမည်ကြီးကိုရီးယား Webtoon ကိုအခြေခံပြီးရိုက်ကူးထားတယ်။ လွန်ခဲ့တဲ့အပတ်ကမှ Netflix ပေါ်ရောက်တာမို့ မကြည့်ရသေးတဲ့သူတွေအတွက် spoiler-free review ပါ။

Hyun-su ဟာယာဉ်တိုက်မှုတခုကြောင့်သူ့မိသားစုကိုဆုံးရှုံးလိုက်ရအပြီးမှာ Green Home ဆိုတဲ့တိုက်ခန်းတွဲတခုဆီပြောင်းရွှေ့လာပါတယ်။ သူကကိုယ့်ကိုယ်ကိုယ်အနာတရဖြစ်အောင်လုပ်တတ်တဲ့ ဝေဒနာခံစားနေရပြီး သတ်သေချင်စိတ်ပေါက်နေသူလည်းဖြစ်တယ်။

ကံဆိုးမသွားရာမိုးလိုက်ရွာလို့ပဲပြောရမလားမသိ၊ သူအဲ့ဒီတိုက်ခန်းကိုပြောင်းလာတဲ့နေ့မှာပဲ ကမ္ဘာပျက်ပါတော့တယ်။ လူတွေဟာရုတ်တရတ်နှာခေါင်းသွေးတွေလျှံလာပြီး monster ကြီးတွေအဖြစ်ပြောင်းလဲသွားတယ်။

ဇာတ်လမ်းထဲမှာပါတဲ့အတိုင်း monster လို့သုံးလိုက်ရတာကအဲ့ဒီကောင်ကြီးတွေဟာ ဖုတ်ကောင်သက်သက်မဟုတ်ဘဲအထူးစွမ်းအားတွေလည်းပိုင်ဆိုင်ထားလို့ပါ။ အနီးစပ်ဆုံးပြောရရင် Resident Evil ထဲကသန္ဒေပြောင်းဖုတ်ကောင်ကြီးတွေနဲ့တူတယ်။

ကူးစက်မှုက random ဖြစ်နေပြီး လူတွေဘာကြောင့်ရုတ်တရတ်ဒီလိုပုံစံပြောင်းသွားရသလဲဆိုတာကိုလည်း သေချာမရှင်းပြသေးဘူး။ အခုမှ Season 1 ပြီးတာဆိုတော့ Season 2 မှာရှင်းပြလိမ့်မယ်လို့ယူဆရပါတယ်။ Monster CGI တွေကသိပ်မပီပြင်သလိုခံစားရတယ်။ ဒါပေမယ့် ဇာတ်လမ်းအရသာပျက်လောက်တဲ့အထိတော့ မဟုတ်ပါဘူး။

တိုက်ခန်းထဲမှာနေတဲ့သူတွေဟာအပြင်က monster တွေဝင်မလာအောင်တံခါးတွေအလုံပိတ်ပြီးနေကြရပေမယ့် အထဲမှာရှိနေတဲ့ monster တွေရဲ့ရန်ကိုရင်ဆိုင်ရတဲ့အပြင် သူတို့ထဲကတယောက်ယောက်ဘယ်အချိန် monster ဖြစ်လာမလဲဆိုတာကိုလည်းတွေးပူကြရပါသေးတယ်။

ကမ္ဘာပျက်တဲ့ဇာတ်လမ်းတွေရဲ့ထုံးစံအတိုင်း ဇာတ်ကောင်တွေဟာဘယ်သူသေငတေမာရင်ပြီးရောဆိုတဲ့ စိတ်ကိုထိန်းချုပ်ရင်း လူစိတ်ပျောက်မသွားအောင်ကြိုးစားကြပုံကိုမြင်ရမယ်။

အခြေခံလူတန်းစားတွေနေတဲ့တိုက်ခန်းဟောင်းကြီးမို့ လူတွေကလည်းဇာတ်လမ်းအစုံပါပဲ။ ဇာတ်ကောင်တွေများတဲ့အတွက် စစချင်း ၃ပိုင်း ၄ပိုင်းလောက်အထိတော့ နည်းနည်းမှတ်ရခက်နိုင်တယ်။ ကျနော်ကတော့ ဇာတ်လိုက်၊ gangster၊ ဘဲလေးကချေသည် အဲ့လိုပဲမှတ်လိုက်တယ်။ ဇာတ်ကောင်တွေတယောက်ပြီးတယောက်မိတ်ဆက်နေတဲ့အချိန်မှာဇာတ်လမ်းကဟိုရောက်လိုက် ဒီရောက်လိုက်ဖြစ်နေပေမယ့် အပိုင်း ၅လောက်ရောက်ရင်ဇာတ်ရည်လည်သွားပါလိမ့်မယ်။

ဇာတ်ကောင်စရိုက်တည်ဆောက်မှုအပိုင်းအားနည်းတယ်။ Episode ၁၀ခုပဲပါပြီး လူတွေကများတော့အဓိကဇာတ်ကောင် ၃ယောက်လောက်ကလွဲရင်တခြားသူတွေကလုပ်ကွက်သိပ်မရတာလည်းပါတယ်။ Hyun-su ကလည်း Japanese anime တွေထဲမှာမြင်နေကျဇာတ်လိုက်တွေလိုပါပဲ။ ဇာတ်ကောင်စရိုက်ပိုင်းအားရစရာသိပ်မရှိတော့ ဇာတ်လမ်းနဲ့အက်ရှင်အသားပေးလို့ပဲပြောရပါလိမ့်မယ်။

သင်က Hollywood dystopian survival ကားတွေအကြည့်များသူဆိုရင် Sweet Home ကြောင့်ထူးထူးခြားခြားခံစားမှုမျိုးရမှာမဟုတ်ဘူး။ ပိတ်ရက်မှာထိတ်လန့်သည်းဖိုအက်ရှင်ခန်းတွေကြည့်ရင်း အပျင်းဖြေဖို့လောက်တော့အဆင်ပြေပါတယ်။

MM+ Rating: 6/10

Advertisement

LEAVE A REPLY

Please enter your comment!
Please enter your name here