ဒီဇင်ဘာလကုန်လောက်ကတည်းက Netflix မှာထွက်ခဲ့ပြီး တော်တော်လေးလည်းနာမည်ကြီးနေတာမို့ အများစုကြည့်ပြီးလောက်ပြီထင်ပါတယ်။ သုံးသပ်ချက်ဆောင်းပါးဖြစ်တာမို့ spoiler ပါပါတယ်။ ကြည့်ပြီးမှဖတ်ပါ။
အမှန်အတိုင်းဝန်ခံရရင် Bridgerton ကိုကြည့်ဖြစ်တာ Shonda Rhimes တို့ studio ကစီစဉ်တာမို့ပါ။ သူ့ရဲ့ Scandal နဲ့ How to Get Away with Murder ကိုအရမ်းကြွေခဲ့တာဆိုတော့လေ။ ဒါပေမယ့် Bridgerton ကတော့ထင်သလောက်အားရစရာမကောင်းခဲ့ဘူး။
၁၈၁၃ခုနှစ် ဗြိတိန်နိုင်ငံမှာဇာတ်အိမ်တည်ထားတဲ့ဒီဇာတ်လမ်းတွဲဟာ Bridgerton လို့ခေါ်တဲ့လန်ဒန်ကြေးရတတ်မိသားစုတစုနဲ့ သူတို့ပတ်ဝန်းကျင်အကြောင်းဖြစ်ပါတယ်။
Bridgerton မောင်နှမ ၈ယောက်ဟာမိခင်မုဆိုးမနဲ့အတူနေပြီးအရမ်းစည်းလုံးတဲ့မိသားစုပါ။ ၄ယောက်မြောက်သမီးဖြစ်သူ Daphne အပျိုအရွယ်ရောက်တော့ကြင်ယာဖက်ရှာတဲ့အနေနဲ့ရော လန်ဒန်အသိုင်းအဝိုင်းနဲ့မိတ်ဆက်ပေးတဲ့အနေနဲ့ရော မိဖုရား Charlotte ဆီသွားရောက်ခစားရပါတယ်။
သူနဲ့အတူတခြားသက်တူရွယ်တူမိန်းကလေးတွေလည်းပါတယ်။ အဲ့ဒီမှာမိဖုရားကြီးက Daphne ကိုပြစ်မျိုးမှဲ့မထင်အလှပိုင်ရှင်အဖြစ်ချီးမွမ်းတယ်။ အဲ့ဒါနဲ့ပဲ Daphne ကရာသီအစမှာတင် နာမည်ကျော်သွားတယ်ပေါ့။
အဲ့ဒီခေတ်ကသူတို့ဆီမှာနွေဦးကာလကနေ ဆောင်းတွင်းမရောက်ခင်အချိန်အထိ ကြင်ယာဖက်ရှာကြ သမက်ဖမ်းကြလေ့ရှိပြီး အဲ့ဒီအချိန်အပိုင်းအခြားတခုကို ရာသီ (season) တခုလို့သတ်မှတ်တယ်။ ရာသီတခုပြီးတဲ့အချိန်အထိယောကျ်ားမရသေးတဲ့မိန်းကလေးကရွေးကျန်လိုဖြစ်သွားတာမို့ မိန်းကလေးတိုင်းရဲ့အိပ်မက်ဆိုးကရာသီမကုန်ခင်ယောကျ်ားမရမှာကိုပဲ။
Whistledown လို့ခေါ်တဲ့အတင်းအဖျင်းစာရေးဆရာမတယောက်ကလည်းလန်ဒန်ရေပေါ်ဆီအသိုင်းအဝိုင်းရဲ့ scandal တွေကိုရေးပြီးခလောက်ဆန်နေတယ်။ အဲ့ဒီတော့ကောင်မလေးတွေကယောကျ်ားမရခင် သတင်းဆိုးထွက်မှာကိုလည်း စိုးရိမ်ရပြန်ရော။
တချို့ကအဲ့ဒီခေတ်လန်ဒန်မှာ အသားအရောင်အစုံ လူမျိုးအစုံ နေတယ်ဆိုတာဖြစ်နိုင်လို့လားလို့ပြောကြတယ်။ ဒါကတော့စိတ်ကူးယဉ်လည်းဖြစ်နိုင်သလို သမိုင်းဆရာတွေကလူဖြူကြီးစိုးတဲ့ခေတ်လို့ပဲမှတ်တမ်းတင်ကြလို့ လူမျိုးစုံယှဉ်တွဲနေထိုင်ခဲ့တဲ့အမှန်တရားဟာမှေးမှိန်သွားတာလည်းဖြစ်နိုင်ပါတယ်။
King George III ရဲ့ကြင်ယာတော် Charlotte ကဇာတ်လမ်းထဲမှာပြထားတဲ့အတိုင်းအပြင်မှာလည်း အာဖရိကန်နွယ်ဖွားလို့ သမိုင်းဆရာတချို့ကပြောကြတယ်။ ဒါပေမယ့်အာဖရိကန်သွေးစစ်စစ်မဟုတ်ဘဲ သွေးနှောဖြစ်ကြောင်း၊ ၁၅ရာစုနှစ်က ပေါ်တူဂီဘုရင် Afonso III ရဲ့အာဖရိကန်နွယ်ဖွားမောင်းမမိဿတယောက်နဲ့ ဆွေမျိုးစပ်လို့ရကြောင်းသိရပါတယ်။
Political correctness လို့ပဲပြောပြော historical correctness လို့ပဲပြောပြော လူမျိုးစုံယှဉ်တွဲနေထိုင်တဲ့အချက်ကဇာတ်လမ်းအပေါ်တော့သက်ရောက်မှုမရှိပါဘူး။ တကယ့်ပြဿနာက ဇာတ်ညွှန်းမှာပဲ။
Simon နဲ့ Daphne ရဲ့ဇာတ်လမ်းကိုပဲဗဟိုပြုထားတဲ့ Bridgerton ဟာတခြား period drama တွေလောက်လေးနက်မှုမရှိဘူး။ အဲ့ဒီခေတ်ကလူနေမှုစနစ်တွေကိုပြဖို့ ကြိုးစားထားပေမယ့် ကပွဲခန်းမတခုပြီးတခု ပန်းခြံတခုပြီးတခုလှည့်ပြရင်းပြီးသွားတယ်။ ပြောရရင်တော့ period chick lit ပါပဲ။
Production design တွေကတော့လှတယ်။ ဇာတ်လမ်းကဆွဲဆောင်မှုမရှိသလို ဇာတ်ကောင်တွေရဲ့စရိုက်သဘာဝကလည်း စိတ်ဝင်စားစရာမကောင်းဘဲ ပုံစံခွက်ထဲကမထွက်နိုင်ခဲ့ဘူး။ ဆိုပါတော့မောင်နှမတွေထဲ Eloise လို rebellious ဖြစ်နေတဲ့သူတယောက်ပါလာတာ၊ Featherington ညီအစ်မတွေလို comic relief တွေထည့်ပြီး Daphne ကိုပိုထင်ရှားအောင်လုပ်ပေးတာ စသဖြင့်ဖန်တရာတေဇာတ်ကွက်တွေပါနေတယ်။
ဒီဇာတ်လမ်းတွဲကိုကြည့်သင့်လားလို့မေးလာရင်တော့ အချိန်ဖြုန်းချင်ရုံသက်သက်ကြည့်မှာလား၊ တခုခုရသွားချင်တာလားဆိုတဲ့အပေါ်မူတည်တယ်။ Period drama ကောင်းကောင်းကြည့်ချင်ရင် Downton Abbey ကိုကြည့်ပါ။ ချောချောလှလှသရုပ်ဆောင်တွေဝတ်ကောင်းစားလှဝတ်ပြီး စကားလှလှလေးတွေပြောတာကြားချင်ရင်တော့ Bridgerton ကိုကြည့်ပါ။
ဇာတ်ကောင်တွေကိုမတရားအမွှန်းတင်တဲ့ဒိုင်ယာလော့တွေကိုမကြိုက်ဘူးဆိုရင်လည်း ဒီဇာတ်လမ်းကိုသဘောကျမှာမဟုတ်ဘူး။ လေးနက်ရေရာတဲ့ဇာတ်ကောင်စရိုက်တည်ဆောက်မှုမရှိဘဲ စကားတွေနဲ့ချည်းအမွှန်းတင်နေတဲ့အခါ ခပ်ပေါပေါမြန်မာအချစ်ကားတွေကိုအမှတ်ရစေပါတယ်။
MM+ Rating: 6/10