Apple TV+ ရဲ့စီးရီးတွေထဲမှာ Servant က See တို့ Defending Jacob တို့လောက်လူသိမများဘူး။ ဒါရိုက်တာက M Night Shyamalan ဆိုတော့ psychological thriller ကြိုက်တဲ့သူတွေကိုကြည့်စေချင်ပါတယ်။
Season 2, Episode 2 အထိထွက်ထားပြီဖြစ်ပြီး အခုရေးပြမှာကတော့ Season 1, Episode 1 ရဲ့ဇာတ်လမ်းပါ။ Spoiler မပါတဲ့အတွက်စိတ်ချလက်ချဖတ်နိုင်ပါတယ်။
Dorothy နဲ့ Sean တို့လင်မယားရဲ့သားလေး Jericho ဟာ ၁၃ပတ်အထိပဲအသက်ရှင်ပြီး ပုခက်ထဲမှာတင်ကွယ်လွန်သွားခဲ့တယ်။ Dorothy ဟာစိတ်ဝေဒနာခံစားရတဲ့အထိဝမ်းနည်းပူဆွေးခဲ့ရတဲ့အတွက် သူတို့မိတ်ဆွေစိတ်ပညာရှင်တယောက်ရဲ့အကြံပေးချက်အရ Jericho နဲ့ရွယ်တူအရုပ်လေးတရုပ်ကို သားအမှတ်နဲ့မွေးထားခဲ့ပါတယ်။
စိတ်ပညာရှင်ကလိုင်စင်ရမဟုတ်တဲ့အတွက် သူ့အကြံကို Sean ကသိပ်သဘောမကျပေမယ့် သူ့မိန်းမခဏတဖြုတ်စိတ်ချမ်းသာရင်ပြီးရောဆိုပြီး ကလေးအရုပ်လေးကိုသားအဖြစ်နဲ့ဟန်ဆောင်မွေးမြူခဲ့တယ်။ လူတွေသနားတာခံရရင် Dorothy စိတ်ပိုထိခိုက်မှာစိုးတဲ့အတွက် သူတို့သားလေးသေသွားတာကို အပြင်လူတွေကိုပေးမသိဘဲ Dorothy ရဲ့မောင်နဲ့ အဖေကိုပဲအသိပေးခဲ့ပါတယ်။
အရူးတပိုင်းဖြစ်နေတဲ့ Dorothy ဟာအရုပ်ကလေးကိုတကယ့်ကလေးလိုပဲချီပိုးထိန်းကျောင်းနေရုံသာမက သူအလုပ်ပြန်ဝင်ရင်အိမ်မှာထိန်းဖို့အတွက် ကလေးထိန်းတယောက်ကိုပါငှါးခဲ့ပါတယ်။ ဒီလိုနဲ့ Wisconsin ပြည်နယ်ကျေးလတ်ဒေသက Leanne ဆိုတဲ့ကောင်မလေးဟာ Dorothy တို့ဆီကလေးထိန်းအဖြစ်ရောက်လာခဲ့တယ်။
၁၈နှစ်သာရှိသေးတဲ့ဒီမိန်းကလေးဟာ Dorothy ရဲ့အသိတယောက်ကနေတဆင့်အလုပ်လျှောက်တာဖြစ်ပြီး သူ့ရဲ့နောက်ကြောင်းကိုရှင်းရှင်းလင်းလင်းမသိခဲ့ရဘူး။ မိန်းကလေးကရိုးရိုးအေးအေးပုံဖြစ်သလို TV သတင်းထောက်ဖြစ်တဲ့ Dorothy ကလည်းမီးဖွားခွင့်စေ့လို့အလုပ်ပြန်ဝင်ရတော့မှာဖြစ်တဲ့အတွက် အလျင်စလိုပဲငှါးလိုက်တာပါ။
Leanne ကို Sean က Dorothy ရဲ့စိတ်အခြေအနေကိုပြောပြထားပြီး သူ့မိန်းမရှေ့မှာသာအလိုက်သင့်နေဖို့လိုကြောင်း သူ့မိန်းမမရှိတဲ့အချိန်တွေမှာ အေးအေးဆေးဆေးအချိန်ဖြုန်းလို့ရကြောင်းပြောပေမယ့် Leanne ဟာအရုပ်ကလေးကိုတကယ့်ကလေးလိုသဘောထားတယ်။ တွန်းလှည်းလေးထဲထည့်ပြီး ပန်းခြံထဲလမ်းလျှောက်ထွက်ဖို့တောင်ခေါ်သွားသေးတယ်။ ဒါကြောင့် Leanne နဲ့ Dorothy တို့ဟာတော်တော်ရင်းနှီးလာပါတယ်။
တနေ့မှာ Dorothy အလုပ်သွားနေတုန်း Leanne ကအပြင်ခဏသွားမယ်ဆိုပြီး Sean ကိုကလေးကိုခဏကြည့်ပေးထားဖို့ပြောတယ်။ စားဖိုမှူးတယောက်ဖြစ်တဲ့ Sean လည်းမီးဖိုချောင်ထဲမှာအလုပ်ရှုပ်နေတုန်း baby monitor ကနေတဆင့်အသံကြားရတဲ့အတွက် ကလေးအခန်းထဲကိုသွားကြည့်တဲ့အခါ ပုခက်ထဲမှာအရုပ်ကလေးအစား တကယ့်ကလေးလေးတယောက်ငိုနေတာကိုတွေ့လိုက်ရပါတော့တယ်။
ကလေးလေးကဘယ်ကလဲ။ Jericho ကအသက်ပြန်ရှင်လာတာလား။ ဒါမှမဟုတ် တခြားကလေးတယောက်ကိုပဲ Leanne ကခိုးလာတာလား။ Leanne ကကောဘယ်လိုမိန်းကလေးမျိုးလဲ။ သူ့မှာဘယ်လိုနောက်ကြောင်းတွေရှိနေလဲ။ ဒီပဟေဠိတွေကြောင့်ပဲ တပိုင်းပြီးတပိုင်းဆက်ကြည့်ချင်နေမှာပါ။
ရှေ့ဘာဆက်ဖြစ်မယ်ဆိုတာခန့်မှန်းလို့မရဘဲ နောက်ပိုင်းမှာပဟေဠိတွေကပိုများလာတယ်။ Lauren Embrose (Dorothy) နဲ့ Nell Tiger Free (Leanne) တို့ကတော့အပြိုင်ကိုသရုပ်ဆောင်သွားတယ်။ အထူးသဖြင့် Embrose ကစိတ်အတက်အကျမြန်တဲ့မိန်းမတယောက်အဖြစ်သရုပ်ဆောင်တာ တော်တော်ပီပြင်တယ်ဗျ။
Second lead တွေအဖြစ်တွေ့နေကျဖြစ်တဲ့ Toby Kebbell နဲ့ Rupert Grint တို့လည်းလုပ်ကွက်တော်တော်ရပြီး အကောင်းဆုံးကြိုစားထားကြတယ်။ သရုပ်ဆောင်ပိုင်းကော ဇာတ်လမ်းကောပြောစရာမလိုတဲ့အတွက်ကြည့်စေချင်ပါတယ်။
MM+ Rating: 7/10