Advertisement

Prime Grill ကိုသိတာအရင်နဝဒေးလမ်းမှာဖွင့်ထားတဲ့အချိန်ကတည်းကပါ။ ရန်ကုန်မှာကမြေထဲပင်လယ်အစားအစာရောင်းတဲ့ဆိုင်တွေရှားတော့ အဲ့ဒီကတည်းကသတိထားမိနေခဲ့သလို မကြာခဏလည်းသွားစားဖြစ်တယ်။ အခုနေရာအသစ်မှာပြောင်းဖွင့်ပြီးနောက်ပိုင်းပထမဆုံးအနေနဲ့ ဗုဒဟူးနေ့ကသွားစားဖြစ်ခဲ့ပါတယ်။

ဆိုင်ကအရင်ကထက်ပိုကျယ်သလိုပိုလည်းလှလာတယ်။ အပြာရောင်လွင်လွင်လေးတွေသုံးထားတော့ မျက်စိပသာဒလည်းဖြစ်သလို ဓာတ်ပုံရိုက်လို့လည်းလှတယ်။ ဒါကြောင့် Facebook မှာရေပန်းစားနေတာ ဆန်းတော့မဆန်းဘူး။

ကျနော်ရောက်သွားတာနေ့လယ်ဘက်ဆိုတော့စားမြိန်စာတွေ salad တွေစားမနေတော့ဘဲ နေ့လယ်စာအတွက်ပဲရည်ရွယ်ပြီးမှာလိုက်ပါတယ်။ ပထမဆုံးရောက်လာတာက Garden Vegetable Soup (Ks3,800) ပါ။ သူက menu ထဲမပါသေးပေမယ့်စားသုံးသူတွေကြားနာမည်ကြီးနေလို့ မြည်းကြည့်ချင်တာနဲ့မှာလိုက်တာပါ။ ပဲ၊ မုန်လာဥနီ၊ ခရမ်းသီးနဲ့တခြားဟင်းသီးဟင်းရွက်တွေပါတယ်။ အရသာကသီးစုံပဲဟင်းနဲ့ဆင်ပြီး သောက်လို့တော်တော်ကောင်းပါတယ်။

အဓိကဟင်းပွဲကတော့ Iraqi Kofta Curry with Yellow Rice (Ks7,000) ပါ။ သူကဟင်းရည်ရောက်လာပြီး သိပ်မကြာခင်ပဲရောက်လာတယ်။ အမဲသားကြိတ်သားကိုသုံးထားပြီးမဆလာနိုင်နိုင်နဲ့ချက်ထားလို့ ဟင်းပွဲကစားပွဲဆီရောက်မလာခင်ကတည်းမွှေးကြိုင်နေပါတယ်။ ရှောက်ရွက်ကလေးတွေဖြူးပေးထားလို့ မဆလာနံ့သိပ်မပြင်းဘဲစားရတာအဆင်ပြေတယ်။ ခုနကပဲဟင်းနဲ့တော်တော်လိုက်ဖက်တဲ့ဟင်းပါ။

Baked Fish in Lemon with Mashed Potato (Ks7,500) ကတော့ ၁၅မိနစ်လောက်စောင့်ရတယ်ဗျ။ ငါးကိုငါးဒန်သုံးပေးထားတယ်။ အသားပိုင်းကနူးညံ့ပြီးစားလို့ကောင်းပေမယ့် အဆီပါတဲ့ဘက်ကတော့ အညှီနံ့နည်းနည်းရတာသတိထားမိတယ်။ အတူပါလာတဲ့ sauce နဲ့တွဲစားရင်တော့သိပ်မသိသာပါဘူး။

တကယ်စိတ်မကောင်းစရာက အချိုပွဲတခုမှမရတာပါပဲ။ မီးပြတ်နေလို့ fridge အလုပ်မလုပ်တဲ့အတွက် ကိတ်တွေမလုပ်ဖြစ်တာပါလို့ဝန်ထမ်းကရှင်းပြပါတယ်။ အခုနောက်ပိုင်းရန်ကုန်မှာမီးတွေပြတ်တာမှန်ပေမယ့်လည်း ပြီးပြည့်စုံတဲ့နေ့လယ်စာဆိုတာက အချိုပွဲလေးနဲ့ပိတ်မှကောင်းတာမဟုတ်လားဗျာ။ ဒီစိန်ခေါ်မှုကိုအမြန်ဆုံးကျော်ဖြတ်နိုင်ပါစေလို့ပဲ မျှော်လင့်ပါတယ်။

ကျနော်လည်းအချိုပွဲအစား Mediterranean Style Mint Lemonade (Ks2,500) ကိုပဲမှာလိုက်ပါတယ်။ Mediterranean Style လို့ရေးထားပေမယ့်သောက်နေကျ Mint Lemonade တွေနဲ့ဘာကွာသလဲတော့ ကျနော်လည်းသတိမထားမိဘူး။ ဒါပေမယ့်အအီပြေပြီးခံတွင်းတော့ရှင်းသွားပါတယ်။

ဆိုင်ကမြေညီထပ်၊ ပထမထပ်နဲ့ ခေါင်မိုးဆိုပြီး ၃ထပ်ရှိတယ်။ ပထမထပ်မှာ private room ရှိပြီး အခန်းခမယူပါဘူးလို့ဝန်ထမ်းကရှင်းပြပါတယ်။ ခေါင်မိုးလေဟာပြင်ကတော့ညဘက်တွေမှာ ထိုင်လို့တော်တော်ကောင်းမယ်ဗျ။

ခြုံငုံသုံးသပ်ရရင်ဟင်းပွဲတွေကများလည်းများသလိုအရသာလည်းကောင်းပါတယ်။ ဈေးနှုန်းတွေကလည်း နေရာနဲ့အစားအစာကိုကြည့်ပြီးမဆိုးဘူးလို့ပြောရမယ့်နှုန်းထားတခုပါ။ ဝန်ထမ်းတွေကလည်းတော်တော်ဆက်ဆံရေးကောင်းမွန်ပြီး စားသုံးသူတွေရဲ့အမြင်ကိုဂရုတစိုက်မေးမြန်းတာ သတိထားမိပါတယ်။ အချိုပွဲပြဿနာလေးဖြေရှင်းနိုင်သွားတဲ့အခါမှာတော့ ပြီးပြည့်စုံတဲ့အတွေ့အကြုံဖြစ်မှာ အမှန်ပါပဲခင်ဗျာ။

MM+ Rating: 3.5/5

Prime Grill Mediterranean Restaurant

Building D၊ ရွှေဂုံပလာဇာဝင်း၊ ကမ္ဘာအေးဘုရားလမ်းနှင့်ရွှေဂုံတိုင်လမ်းထောင့်၊ ရန်ကုန်။
09 262 8080 82
10am – 8:30pm

Advertisement

LEAVE A REPLY

Please enter your comment!
Please enter your name here