၂၀၁၉ခုနှစ်က Season 1 ထွက်ပြီးသိပ်မကြာခင်မှာပဲကြည့်ဖြစ်ခဲ့တယ်။ အမှန်အတိုင်းဝန်ခံရရင် poster ကိုကြည့်ပြီးစိတ်ဝင်စားလို့ကြည့်ဖြစ်သွားတာ။ ဒီ series ကို Netflix ကမားကတ်တင်းသိမ်မလုပ်တော့ ကောင်းမယ်လို့မလည်းမထင်ထားဘူး။ တကယ်တမ်းကြည့်ကြည့်တော့မှဇာတ်လမ်းကော သရုပ်ဆောင်တွေကောပြောစရာမလိုလောက်အောင်ကိုကောင်းနေတာတွေ့ရတယ်။
ဇာတ်လမ်းစစချင်း ရေချိုးခန်းထဲမျက်နှာသစ်နေတဲ့ Nadia (Natasha Lyonne) ကိုတွေ့ရတယ်။ Nadia ရောက်နေတာသူ့ရဲ့ ၃၆နှစ်ပြည့်မွေးနေ့ပွဲ။ သူငယ်ချင်းဖြစ်သူကကျင်းပပေးလို့သာနေနေရတယ် မွေးနေ့မှာ Nadia မပျော်ဘူး။ အမှန်တော့ Nadia မပျော်တာကြာပါပြီ။
တကောင်ကြွက်ဘဝနဲ့ကြီးပြင်းလာရတဲ့ Nadia ဟာမူးယစ်ဆေးမကြာခဏသုံးတတ်သလို ဆေးလိပ်ကိုလည်းအဆက်မပြတ်သောက်တတ်သူပါ။ ဘဝနဲ့ပတ်သက်ပြီးသိပ်ရေရေရာရာမတွေးထားသလို မျှော်လင့်ချက်ရယ်လို့လည်းသိပ်မရှိဘူး။
မွေးနေ့ပွဲကထွက်လာခဲ့ပြီးလမ်းဖြတ်အကူး အငှားယာဉ်တိုက်ခံရပြီး Nadia ကွယ်လွန်သွားခဲ့တယ်။
အဲ့ဒီနောက်ရေချိုးခန်းထဲမှာမျက်နှာသစ်နေတဲ့ Nadia ကိုတွေ့ရပြန်တယ်။ Nadia အနေနဲ့သူကားတိုက်ခံရတာကိုသိတယ်။ သူသေသွားပြီဆိုတာကိုလည်းသတိထားမိတယ်။ ဒါဆိုသရဲဖြစ်နေတာလား။ လူတွေကသူ့ကိုမြင်နိုင်စကားပြောနိုင်သေးတဲ့အတွက် သရဲဖြစ်သွားတာလည်းမဟုတ်ပြန်ဘူး။
အိပ်မက်မက်နေတာဖြစ်မှာပါလေလို့တွေးနေတုန်းမှာပဲနောက်ထပ်မတော်တဆမှုတခုနဲ့ထပ်သေပြန်ပါလေရော။ ဒါပေမယ့်ဒီတခါလည်းသူ့မွေးနေ့ပွဲမှာမျက်နှာသစ်နေတဲ့နေရာဆီပြန်ရောက်သွားပြန်တယ်။ ဒီလိုနဲ့ Nadia ဟာမတော်တဆမှုတခုမဟုတ်တခုနဲ့အဖန်တလဲလဲသေတယ်။ သေပြီးသွားတဲ့အခါတိုင်းလည်း မျက်နှာသစ်နေတဲ့နေရာကိုပဲပြန်ပြန်ရောက်သွားပြန်တယ်။
သူဟာအချိန်စက်ဝိုင်းတခုထဲမှာပိတ်မိနေမှန်းသတိထားမိသွားတဲ့အခါ Nadia တယောက်တတ်နိုင်သမျှမသေအောင်နေရင်း ဒီဖြစ်စဉ်တခုလုံးရဲ့အကြောင်းရင်းကိုစုံစမ်းပါတော့တယ်။
Poster မှာပါတဲ့ “Dying is Easy. It’s Living That’s Hard” ဆိုတဲ့ tagline အတိုင်း ကြမ်းတမ်းတဲ့လောကကြီးမှာအသက်ဆက်ရှင်နေဖို့အကြောင်းပြချက်၊ ဘဝရဲ့အဓိပာယ်တွေကိုရှာဖွေထားတယ်။ အကြိမ်ကြိမ်သေဖို့ပဲအသက်ပြန်ပြန်ရှင်လာတဲ့ Nadia တယောက်အချိန်စက်ဝိုင်းထဲကရုန်းထွက်နိုင်ပါ့မလား။
အချိန်ကာလမတော်တဆဖြစ်မှုတွေနဲ့ပတ်သက်တဲ့ဇာတ်လမ်းဆိုပေမယ့်ဒီဇာတ်လမ်းဟာ sci fi မဟုတ်ဘဲ drama ဆန်တယ်၊ ဒဿနဆန်တယ်။ ဟာသလေးတွေလည်းပါတဲ့အတွက် dramedy လို့ပြောရမယ်ထင်ပါတယ်။
Season 1 ထွက်ပြီး ၃နှစ်လောက်ကြာမှ Season 2 ထွက်လာပါတယ်။ Season ၂ခုပေါင်းမှ ၁၅ပိုင်းပဲရှိတဲ့အတွက် တဆက်တည်းကြည့်မယ်ဆိုပိတ်ရက် ၂ရက်အတွင်းမှာတင်ပြီးလောက်တယ်။ Netflix ကမားကတ်တင်းသိပ်မလုပ်တဲ့အတွက်မသိလိုက်ဘဲဇာတ်လမ်းကောင်းတခုလွတ်သွားမှာစိုးလို့ ဖော်ပြလိုက်ရခြင်းပါ။
MM+ Rating: 8/10