1NW

Zadie Smith ရေးသားတဲ့ NW ဟာ လန်ဒန်မြို့အနောက်မြောက်အရပ်က လူဆင်းရဲရပ်ကွက်တစ်ခုက Leah, Felix, Natalie နဲ့ Nathan ဆိုတဲ့ဇာတ်ကောင် ၄ယောက်အပေါ်ဇာတ်အိမ်တည်ထားတယ်။ သူတို့နေတဲ့ Caldwell အိမ်ရာကတော့ စိတ်ကူးယဉ်နေရာတစ်ခုဖြစ်ပါတယ်။ စာအုပ်နာမည် NW ဆိုတာကတော့ သူတို့ဒေသရဲ့ postal code ပါ။

ဇာတ်လမ်းကို Leah နဲ့စဖွင့်တယ်။ သူမဟာလူမျိုးရေးကွဲပြားမှုပြဿနာတွေကြားကျင်လည်နေရသူပါ။ ခင်ပွန်းဖြစ်သူကကလေးယူဖို့တောင်းဆိုနေပေမယ့် Leah ကအရွယ်ကျသွားမှာစိုးရိမ်စိတ်နဲ့ကလေးမလိုချင်ဘူး။

စာရေးသူက Leah ပြီးတော့ Felix အကြောင်းဆက်ပြောတယ်။ သူကတော့စရိုက်ဆန်ဆန်ဖခင်နဲ့ကြီးပြင်းခဲ့ရသူဖြစ်ပြီး မိခင်ဖြစ်သူရဲ့စွန့်ပစ်ခြင်းကိုလည်းခံခဲ့ရသူပါ။ Felix အကြောင်းဖတ်ရင်းသူ့ဘ၀ကိုနားလည်လာမယ်။ ဒါပေမယ့် ကိစ္စတစ်ခုပြီးရင် သူနောက်ထပ်ဘာဆက်လုပ်မလဲဆိုတာကိုတော့ခန့်မှန်းလို့ရမှာမဟုတ်ဘူး။

နောက်ထပ်အဓိကဇာတ်ကောင်တစ်ယောက်ကတော့ Natalie ပါ။ သူဟာရှေ့နေတစ်ယောက်ဖြစ်ပြီး Leah ရဲ့အချစ်ဆုံးသူငယ်ချင်းလည်းဖြစ်ပါတယ်။ အိမ်ထောင်သည်ကလေးအမေတစ်ယောက်ဖြစ်ပြီး သူမရဲ့ဘ၀ကိုအဓိပ္ပာယ်မရှိသလိုခံစားလာရပြီးနောက် online မှာတွေ့တဲ့သူစိမ်းယောက်ျားတွေနဲ့ အပျော်ရှာပါတော့တယ်။ အိမ်ထောင်ရေးအဆင်မပြေဖြစ်လာပြီး ပွဲတော်နေ့ပိတ်ရက်တစ်ရက်မှာသူမနဲ့တစ်တန်းတည်းကျောင်းတက်နေတဲ့ Nathan နဲ့အတူခြေဦးတည့်ရာလျှောက်သွားပါတော့တယ်။

အဲ့ဒီနေ့မှာပဲ ဇာတ်ကောင် ၄ယောက်ရဲ့ဘ၀တွေထိပ်တိုက်တွေ့ပါတော့တယ်။

Smith ရဲ့ဟန်အတိုင်းဇာတ်ကောင်တွေရဲ့လူမှုဘ၀ကိုထိထိရှရှဖော်ညွှန်းရေးသားထားတယ်။ အကြောင်းအရာနဲ့ဇာတ်လမ်းပြောပုံတွေပြောင်းလဲနေပြီး နောက်တစ်ခန်းဘာဆက်ဖြစ်မလဲဆိုတာ ကြိုခန့်မှန်းလို့မရတဲ့ဝတ္ထုမျိုးပါ။

 

2Shoe Dog

ကမ္ဘာကျော်ရှူးဖိနပ်ကုမ္ပဏီ Nike ရဲ့ တည်ထောင်သူ CEO Phil Knight ဟာ သူ့ရဲ့ဖြတ်သန်းမှုအကြောင်း ပထမဆုံးအကြိမ်အဖြစ်ပြောပြထားတယ်။ ၁၉၆၂ မှာစီးပွားရေးဘွဲ့ပူပူနွေးနွေးရထားတဲ့ Knight ဟာသူ့ဖခင်ဆီက ဒေါ်လာ ၅၀ချေးပြီး ဂျပန်ကအရည်အသွေးမြင့်ပြီး ဈေးသက်သာတဲ့အားကစားဖိနပ်တွေတင်သွင်းပြီး ကားလေးတစ်စီးနဲ့လှည့်လည်ရောင်းချပါတယ်။ သူပထမဆုံးစီးပွားရေးလုပ်တဲ့နှစ်မှာပဲ ဒေါ်လာ ၈၀၀၀ဖိုးရောင်းရတယ်။ အခုအချိန်မှာတော့ Nike ဟာ တစ်နှစ်ကိုဒေါ်လာ ၃၀ဘီလျံရောင်းအားရှိတဲ့အမှတ်တံဆိပ်ဖြစ်နေပါပြီ။

Startup တွေခေတ်စားတဲ့အချိန်မှာ Nike ဟာ startup အားလုံးရဲ့စံပြအမှတ်တံဆိပ်ဖြစ်လာခဲ့တယ်။

Nike ကလူသိများသလောက် တည်ထောင်သူ Knight ကတော့လျှို့ဝှက်လွန်းလှတယ်။ ဒါပေမယ့်ဒီစာအုပ်ထဲမှာတော့ Knight ဟာသူ့ဘ၀ခရီးအကြောင်းပွင့်ပွင့်လင်းလင်းပြောပြထားတယ်။ စာရေးသားတဲ့အခါမှာလည်းမာနထောင်လွှားမှုမရှိတာတွေ့ရပါတယ်။

စီးပွားရေးလုပ်ငန်းတစ်ခုလုပ်ကိုင်ဖို့ကြိုးစားနေသူတွေအတွက်တော့ အတုယူစရာ သင်ခန်းစာယူစရာတွေအများကြီးပါတဲ့အတ္ထုပ္ပတ္တိစာအုပ်ကောင်းတစ်အုပ်ပါ။

 

3The Power

ဒဿနစာရေးဆရာမ Rhonda Byrne ဟာသူ့ပထမစာအုပ် The Secret မှာဆွဲဆောင်မှုနိယာမ (Law of Attraction) အကြောင်းရေးသားခဲ့တယ်။ The Power မှာတော့မိမိကိုယ်ကိုပြုပြင်ရေးစာအုပ်တွေမှာတွေ့ရလေ့ရှိတဲ့အတိုင်း ကိုယ်လိုချင်တာဖြစ်ချင်တာတွေကို ဘယ်လိုရယူမလဲ၊ မိမိကိုယ်ထဲမှာတိမ်မြှုပ်နေတဲ့စွမ်းအားကိုဘယ်လိုလှုပ်နှိုးမလဲဆိုတာကို လမ်းညွှန်ထားတယ်။

အဲ့ဒီစွမ်းအားဆိုတာ တီထွင်ဖန်တီးမှုတွေရဲ့မြစ်ဖျားခံရဖြစ်တယ်။ စိတ်ချမ်းသာမှု၊ စည်းစိမ်ချမ်းသာ၊ အပြုသဘောဆောင်တဲ့ပေါင်းသင်းဆက်ဆံရေး၊ တန်ဖိုးရှိတဲ့အလုပ်အကိုင် စတဲ့လောကရဲ့ကောင်းချီးမင်္ဂလာတွေဟာ မိမိရဲ့စွမ်းအားဆီကလာတာဖြစ်ကြောင်း Byrne ကရှင်းပြထားပါတယ်။

မိမိကိုယ်ကိုရှာဖွေနေတဲ့သူတွေ ကိုယ့်ကိုယ်ကိုယ်ပြုပြင်ပြောင်းလဲလိုတဲ့သူတွေဖတ်သင့်တဲ့စာအုပ်မျိုးပါ။

 

4More than This

Seth ဆိုတဲ့ကောင်လေးတစ်ယောက်ရေနစ်သွားတယ်။ ကူရာကယ်ရာမဲ့ဖြစ်နေတဲ့ Seth၊ သေတော့မယ်ဆိုတာသေချာနေတဲ့ Seth။

သူသတိပြန်ရလာတဲ့အချိန်မှာသူ့တကိုယ်လုံးအ၀တ်အစားမဲ့နေပြီး ရေတွေကလည်းရွှဲလို့။ ရေလည်းအရမ်းငတ်နေတယ်။ ကိုယ်ပေါ်မှာဒဏ်ရာတွေရထားတာကိုလည်းတွေ့ရတယ်။ ဒါပေမယ့်သူမသေသေးဘူး။ သူဘယ်ရောက်နေလဲဆိုတာဆန်းစစ်ကြည့်တော့ သူငယ်ငယ်ကနေထိုင်ခဲ့တဲ့အင်္ဂလန်ဆင်ခြေဖုံးရပ်ကွက်က လမ်းတစ်ခုပေါ်မှာဖြစ်ကြောင်းတွေ့ရတယ်။ လူသူလည်းမရှိ၊ တစ်လမ်းလုံးသူတစ်ယောက်တည်း။ ဒါဟာသူ့အတွက်ငရဲလား။

မြန်မာစာဖတ်ပရိသတ်တွေကတော့ Patrick Ness ရဲ့ A Monster Calls နဲ့ရင်းနှီးကြပါတယ်။ More than This ကလည်းလျှို့ဝှက်ပြီး နောက်ဘာဆက်ဖြစ်မလဲသိချင်အောင်ဆွဲဆောင်နိုင်တဲ့အတွက် လက်ကမချချင်လောက်အောင်ဖတ်လို့ကောင်းတဲ့စာအုပ်ပါ။

 

5Demigods and Magicians

Percy Jackson series တွေနဲ့နာမည်ကြီးတဲ့ Rick Riordan ရဲ့ဒီစာအုပ်မှာဆိုရင် Percy Jackson နဲ့ Annabeth Chase တို့ဟာ Carter နဲ့ Sadie Kane တို့နဲ့တွေ့ဆုံပြီးနောက် မှော်ပညာတွေ မိစ္ဆာကောင်တွေကိုပါရင်ဆိုင်လာရတယ်။ နတ်ဘုရားငယ်တွေနဲ့မှော်ဆရာတွေစုပေါင်းပြီး မိစ္ဆာတွေကိုရင်ဆိုင်ရင်း သူတို့ကြားရင်းနှီးမှုတွေခိုင်မာလာခဲ့တယ်။ ဒါပေမယ့် ဂရိနဲ့အီဂျစ်ပြည်ကရှေးဟောင်းဂါထာမန္ထန်တွေကို မကောင်းတဲ့နေရာမှာအသုံးချနေတဲ့ရန်သူတော်ကို သူတို့အနိုင်ယူနိုင်ပါ့မလား။

လူငယ်တွေအတွက်ရည်ရွယ်ထုတ်တယ်ဆိုပေမယ့်လည်း ရှေးဟောင်းဒဏ္ဍာရီပုံပြင်တွေကိုစိတ်ဝင်စားသူတွေလည်းအကြိုက်တွေ့မယ့်စာအုပ်မျိုးပါ။

(ယခုဖော်ပြထားတဲ့စာအုပ်တွေကို Bookworm Books မှာဝယ်ယူရရှိနိုင်ပါတယ်)

LEAVE A REPLY

Please enter your comment!
Please enter your name here