Advertisement

By Sithu Han

ဒီနေ့ညနေ(၆) နာရီ၊ နိုင်ငံတကာခြေစမ်းပွဲစဉ်အဖြစ် မန္တလေးမြို့၊ မန္တလာသီရိဘောလုံးကွင်းတွင် ယှဉ်ပြိုင်ကစားမည့် မြန်မာအသင်းနဲ့ တိုင်ပေအသင်းတို့ပွဲစဉ်တွင် မြန်မာအသင်းအနေနဲ့ အဆင့်တစ်ခုပြနိုင်မည်ဟု ယာယီနည်းပြချုပ်ဦးမျိုးမင်းထွန်းက မတ်လ (၁၈)ရက်နေ့ကကျင်းပပြုလုပ်ခဲ့တဲ့ ပွဲကြိုသတင်းစာရှင်းလင်းပွဲမှာပြောဆိုခဲ့ပါတယ်။

မြန်မာအသင်းရဲ့ ယာယီနည်းပြချုပ်အဖြစ် ခန့်အပ်ခံထားရတဲ့ ဦးမျိုးမင်းထွန်းဟာ မတ်လအတွင်း  ကစားရမယ့် နိုင်ငံတကာပွဲစဉ်နှစ်ပွဲဖြစ်တဲ့ တိုင်ပေနှင့် အင်ဒိုနီးရှားတို့ပွဲစဉ်ကို ကိုင်တွယ်သွားမှာဖြစ်ပြီး နိုင်ငံအသင်းရဲ့ပွဲဦးထွက် ကိုင်တွယ်ခွင့်ရတဲ့ပွဲစဉ်အပေါ် အခုလိုသုံးသပ်ပြောဆိုခဲ့တာပါ။

မြန်မာအသင်းနည်းပြချုပ် ဦးမျိုးမင်းထွန်းက “ ကျွန်တော်တို့ မနက်ဖြန်ပွဲအတွက် သေချာပြင်ဆင်ထားပါတယ်။ ရလဒ်ကိုမပြောလိုပါဘူး မနက်ဖြန်မှာ ကျွန်တော်တို့ မြန်မာကစားသမားတွေရဲ့ အဆင့်တစ်ခုထုတ်ပြနိုင်မယ်လို့ ယုံကြည်ပါတယ်။ အရင်လိုကန်တင်ပြေးတဲ့ စနစ်မဟုတ်ပဲ ဘောလုံးကို ဘယ်လိုကစားရမယ်ဆိုတာကို ပြသသွားမှာပါ။ လက်ရှိမှာ အသင်းကို ကလပ်အသီးသီးမှာ ခြေစွမ်းပြတဲ့ ကစားသမားတွေနဲ့ ဖွဲ့စည်းထားတာကြောင့် မနက်ဖြန်ကစားမယ့် တရုတ်(တိုင်ပေ)ပွဲကို ဖိအားပေးကစားနိုင်တာကို ပရိသတ်တွေတွေ့မြင်ရမှာ ဖြစ်ပါတယ်။ လူရွေးချယ်မှုနဲ့ပတ်သတ်ပြီးတော့ ပြောချင်တာက ကျွန်တော်က နာမည်ကိုကြည့်ပြီးမရွေးထားပါဘူး” လို့ပြောဆိုသွားခဲ့ပါတယ်။

တရုတ်တိုင်ပေလက်ရွေးစင်အသင်း နည်းပြချုပ်လူးဝစ်လန်ကတ်တာကတော့ “မနက်ဖြန် မြန်မာအသင်းနဲ့ ယှဉ်ပြိုင်ကစားပွဲက တကယ့်ကို စိတ်လှုပ်ရှားစေမယ့် ဘောလုံးပွဲတစ်ပွဲ ဖြစ်စေမှာပါ။ ကျွန်တော်တို့ တရုတ်(တိုင်ပေ)အသင်းက ကမ္ဘာ့ဖလားခြေစစ်ပွဲအတွက် ကြိုတင်ပြင်ဆင်တဲ့ အသင်းဖြစ်တာကြောင့်ဒီပွဲက ပြိုင်ဆိုင်မှုပြင်းထန်တဲ့ ပွဲကောင်းတစ်ပွဲ ဖြစ်စေမှာပါ” လို့ ပြောဆိုသွားခဲ့ပါတယ်။

နည်းပြချူပ်ဦးမျိုးမင်းထွန်းက ထိုင်းကလပ်တွေမှာ သွားရောက်ကစားနေတဲ့ မြန်မာအသင်းရဲ့အဓိက အားထားရခဲ့တဲ့ ကစားသမားတွေထဲက နောက်ခံလူ ဇော်မင်းထွန်းကို ပွဲထွက်လူစာရင်းအဖြစ် အသုံးပြုသွားဖို့ ရှိပေမယ့် တိုက်စစ်မှူး အောင်သူကိုတော့ ပွဲထွက်ကစားသမားအဖြစ် အသုံးပြုသွားမှာမဟုတ်ကြောင်း ပြောဆိုခဲ့ပါတယ်။

ထိုင်းကလပ်တွေမှာ သွားရောက်ကစားနေတဲ့ ဇော်မင်းထွန်းနဲ့ အောင်သူတို့ဟာ ထိုင်းလိဂ်ပွဲများကြောင့် လက်ရွေးစင်အသင်းနဲ့ ပူပေါင်းချိန် နောက်ကျခဲ့တာဖြစ်ပါတယ်။

နည်းပြချုပ်နဲ့အတူ သတင်းစာရှင်းလင်းပွဲကို တက်ရောက်ခဲ့တ့ လက်ရွေးစင်ဂိုးသမား ကျော်ဇင်ထက်ကတော့ “အရပ်အမောင်းမြင့်တဲ့ကစားသမားတွေပါဝင်လာမှာဆိုတော့ အမြင့်ဘောတွေမှာ အဓိက အာရုံပိုစိုက်ရမယ်။ ဒါ့အတွက်လည်း ကျွန်တော်တို့ နည်းပြဆရာ၊ကစားသမားတွေအားလုံး ကြိုတင်ပြင်ဆင်ထားလို့ အခက်အခဲမရှိလောက်ဘူးလို့ မြင်ပါတယ်။ မနက်ဖြန်ပွဲမှာ အကောင်းဆုံး ယှဉ်ပြိုင်သွားမှာပါ။” လို့ ပြောဆိုသွားခဲ့ပါတယ်။

မြန်မာအသင်းဟာ နောက်ထပ်နိုင်ငံတကာခြေစမ်းပွဲစဉ်ဖြစ်တဲ့ အင်ဒိုနီးရှားနဲ့ပွဲစဉ်ကိုလည်း မတ်လ(၂၅)ရက်၊ မန္တလေးမြို့၊ မန္တလာသီရိကွင်းမှာပဲ ယှဉ်ပြိုင်သွားမှာဖြစ်ပါတယ်။

မြန်မာ့ လက်ရွေးစင် အသင်းရဲ့ ဖီဖာ နိုင်ငံတကာ ခြေစမ်းပွဲများ ဖြစ်တဲ့ မြန်မာနှင့် တရုတ်(တိုင်ပေ)၊ မြန်မာနှင့် အင်ဒိုနီးရှား တို့ပွဲစဉ်များကို မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်ရဲ့ Broadcasting Partner ဖြစ်တဲ့ MY SPORTS မှ ရိုက်ကူးထုတ်လွှင့်၍ MY SPORTS FACEBOOK PAGE နှင့် မြန်မာ့ ရုပ်မြင်သံကြား MRTV တို့တွင် တိုက်ရိုက်ပြသသွားမှာဖြစ်ပါတယ်။

Reference and photos credit: MFF

Advertisement

LEAVE A REPLY

Please enter your comment!
Please enter your name here