Advertisement

By Nay Thiha

ကြက်တောင်ရိုက်အားကစားမှာထွန်းသစ်စကြယ်ပွင့်တခုဖြစ်တဲ့ သက်ထားသူဇာကတော့ ပရိသတ်နဲ့အထူးမိတ်ဆက်ပေးစရာမလိုတဲ့သူတဦးဖြစ်ပါတယ်။ အသက် ၂၀အရွယ်သာရှိသေးတဲ့သူမဟာ အသက် ၇နှစ်အရွယ်ကတည်းကကြက်တောင်ရိုက်လေ့ကျင့်ခဲ့သူဖြစ်ပြီး Uganda နဲ့ Kenya International Series 2019 တွေမှာချန်ပီယံဆုတွေကိုပူပူနွေးနွေးဆွတ်ခူးထားသူပါ။

မတ်လ ၁၅ရက်နေ့မှာသူမရဲ့အသက် ၂၀ပြည့်မွေးနေ့ပွဲကို Get Company ရဲ့အစီအစဉ်ဖြင့် ၀ါးတန်းလမ်းကရှမ်းရိုးရာစားသောက်ဆိုင်မှာပြုလုပ်ခဲ့ပြီး သူမရဲ့မိဘ၊ မိတ်ဆွေသူငယ်ချင်းတွေအပါအ၀င် Get ကတာဝန်ရှိသူများနဲ့အတူတူဖြတ်သန်းခဲ့ပါတယ်။ သူမဟာ Get ရဲ့ brand ambassador လည်းဖြစ်ပါတယ်။

သက်ထားသူဇာဟာအခုဆိုရင် ၂၀၂၀ပြည့်နှစ်မှာကျင်းပမယ့် Tokyo Olympics မှာဝင်ရောက်ယှဉ်ပြိုင်နိုင်ဖို့ ကြိုးစားလျက်ရှိပါတယ်။ သူမရဲ့မွေးနေ့ပွဲကိုတက်ရောက်ခွင့်ရခဲ့ပြီး Uganda နဲ့ Kenya series တွေမယှဉ်ပြိုင်ခင် သူမအတွေ့အကြုံတွေကိုမေးကြည့်တဲ့အခါမှာတော့

“ဒီဇင်ဘာလတုန်းက AOG ပွဲပြီးတော့ ညီမခါးဒဏ်ရာတော်တော်လေးဆိုးဝါးတယ်။ အဲ့ဒီနောက်ပိုင်းမှာတလနီးပါးလောက်အချိန်ယူပြီးကုခဲ့ရတယ်။ Training လည်းနည်းနည်းပဲလုပ်ရတယ်။ အဲ့ဒါနဲ့ဒီဇန်န၀ါရီနဲ့ဖေဖော်ဝါရီမှာပြိုင်ပွဲတွေမ၀င်ဖြစ်တော့ ညီမ ranking က ၁၈၀လောက်ဖြစ်သွားတယ်။ ခါးသက်သာတော့သေချာအာရုံစိုက်လေ့ကျင့်ပြီး Uganda ပွဲနဲ့ Kenya ပွဲကိုဝင်ပြိုင်ဖြစ်တယ်။ အဲ့ဒီပွဲတွေအပြီးမှာတော့ညီမ ranking က ၁၃၄ ဖြစ်သွားပါတယ်” လို့ဆိုပါတယ်။

အိုလံပစ်မှာဝင်ပြိုင်ဖို့အတွက် ranking ၁၀၀ အတွင်းဝင်ရမှာဖြစ်လို့ပြိုင်ပွဲတွေတောက်လျှောက်ဝင်ပြိုင်ပြီး အမှတ်တွေလိုက်စုရမှာဖြစ်ပါတယ်။ ၂၀၁၉ ဟာအရေးကြီးတဲ့နှစ်ဖြစ်တဲ့အတွက် အခုကတည်းကလေ့ကျင့်မှုတွေအပြင်းအထန်လုပ်ပြီးပြင်ဆင်လျက်ရှိပါတယ်။

“တပတ်ကိုတနင်္လာကနေ စနေအထိ မနက်တကြိမ် ညနေတကြိမ် ၆ရက်လေ့ကျင့်ရပါတယ်။ မနက်ဆို ၉နာရီကနေ ၁၂နာရီ၊ ညနေဆိုရင် ၄နာရီကနေ ၆နာရီအထိကြာတတ်ပါတယ်။”

အားကစားကိုကြိုးစားလေ့ကျင့်ပြီး အားလပ်ချိန်တွေမှာတော့ ရုပ်ရှင်ကြည့်ရင်း၊ သီချင်းတွေနားထောင်ရင်း ဖြတ်သန်းလေ့ရှိတယ်လို့ဆိုပါတယ်။ အားလပ်ချိန်မှာသူငယ်ချင်းတွေနဲ့အပြင်သွားလျှောက်လည်တာတွေလည်း လုပ်လေ့ရှိပါသတဲ့။

အားကစားပိုင်းမှာထူးချွန်ဖို့ဆိုတာကိုယ်ကာယကျန်းမာကြံ့ခိုင်မှဖြစ်တာမို့ သူမရဲ့ကျန်းမာရေးကိုဘယ်လိုထိန်းသိမ်းစောင့်ရှောက်လဲလို့မေးကြည့်ဖြစ်ခဲ့ပါသေးတယ်။

“အစားအသောက်မှာဆိုရင်တော့ အဆီကိုအတတ်နိုင်ဆုံးရှောင်ပါတယ်။ အဆီဆိုတာကလည်းကစားသမားတင်မဟုတ်ဘူး၊ လူတိုင်းအတွက်ကျန်းမာရေးထိခိုက်နိုင်တဲ့အစာပါ။ ညအိပ်ရင်လည်းသေချာအနားယူတယ်။ အဲ့ဒီလိုလေးတွေထိန်းသိမ်းဖြစ်ပါတယ်။”

မိဘနှစ်ပါးနဲ့အတူတွေ့ရတဲ့သက်ထားသူဇာ

အားကစားဝါသနာပါတဲ့လူငယ်တွေကိုလည်း လိုချင်တဲ့ရည်မှန်းချက်တခုထားပြီးစိတ်ဓာတ်ခိုင်ခိုင်မာမာနဲ့ ကြိုးစားသွားဖို့စကားလက်ဆောင်ပါးလိုက်ပါသေးတယ်။

ငယ်ငယ်ရွယ်ရွယ်နဲ့ကြက်တောင်ရိုက်အားကစားမှာထူးချွန်တဲ့ သက်ထားသူဇာတယောက် တိုကျိုအိုလံပစ်မှာဝင်ရောက်ယှဉ်ပြိုင်နိုင်ပြီး နိုင်ငံ့ဂုဏ်ဆောင်နိုင်ပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။

(ပြိုင်ပွဲဝင်ဓာတ်ပုံများကို THET HTAR Thuzar Facebook Page မှကူးယူဖော်ပြထားတာပါ)

Advertisement

LEAVE A REPLY

Please enter your comment!
Please enter your name here