By Sithu Han
ဝိတ်တန်းအလိုက် ကမ္ဘာ့ရိုးရာလက်ဝှေ့ချန်ပီယံရှစ် (WLC) ပြိုင်ပွဲတွေ ကျင်းပနေတဲ့ မြန်မာလက်ခမောင်းကုမ္ပဏီဟာ ရိုးရာလက်ဝှေ့ အလွတ်တန်း ချန်ပီယံ ဒေဝ (Dave) ကို ဒုတိယဥက္ကဌအဖြစ် ခန့်အပ်ခဲ့ပါတယ်။
ပြီးခဲ့တဲ့ WLC ပြိုင်ပွဲတွေမှာ ဒေဝဟာ ယှဉ်ပြိုင်ခဲ့ဖူးခြင်းမရှိသလို မြန်မာလက်ခမောင်းကုမ္ပဏီနဲ့ အဆင်မပြေမှုတွေ ရှိခဲ့ဖူး တာကြောင့် လက်ရှိခန့်အပ်မှုဟာ ရိုးရာလက်ဝှေ့ပရိတ်သတ်တွေအတွက် အံ့သြသင့်စေခဲ့ပါတယ်။
မြန်မာလက်ခမောင်းကုမ္ပဏီကဥက္ကဌ ဦးဇေသီဟက ဒေဝဟာ နိုင်ငံတကာမှာ မြန်မာရိုးရာလက်ဝှေ့ပညာကို ဖြန့်ဝေနေသူတစ်ဦးဖြစ်ပြီး ရိုးရာလက်ဝှေ့ပုံရိပ်ကို နိုင်ငံတကာထိ မြင့်တင်နိုင်ရန် ရည်ရွယ်ကာ အခုလို ခန့်အပ်ခဲ့တာဖြစ်ကြောင်း ပြောဆိုခဲ့ပါတယ်။
မြန်မာပြည် အလွတ်တန်းချန်ပီယံတစ်ဦးဖြစ်တဲ့ ဒေဝရဲ့ပွဲတွေကိုလည်း လာမယ့် WLC ပြိုင်ပွဲတွေမှာ မြင်တွေ့လာရမှာဖြစ်ပြီး လက်ရှိမှာတော့ ပြည်တွင်းပြိုင်ဘက်တွေနဲ့ ထိုးသတ်ပွဲတွေ မြင်တွေ့ရဦးမှာ မဟုတ်ပဲ UFC ဖိုက်တာဟောင်းတစ်ဦးနဲ့ ထိုးသတ်သွားဖို့ စီစဉ်နေပါတယ်။
ဒေဝကတော့ “ဒါကအပြုသဘောဆောင်ပါတယ်။ လက်ဝှေ့မှာ ဖြစ်ပျက်နေတဲ့ အရာတွေအများအပြားပါပဲ။ ဒါပေမယ့် ကျွန်တော် တို့ အတွက် အခုအဓိက အာရုံစိုက်ရမှာက လက်ဝှေ့ကို နိုင်ငံတကာအဆင့်မှာ ဘယ်လိုလူသိများ အောင်ဆောင်ရွက်မလဲ ဆိုတာပါပဲ” လို့ပြောပါတယ်။
မြန်မာလက်ခမောင်းကုမ္ပဏီအတွက် ဒေဝရဲ့ပွဲဦးထွက်ကိုတော့ လာမယ့်ကမ္ဘာ့လက်ဝှေ့ချန်ပီယံရှစ် WLC-9 မှာ စတင်မြင်တွေ့ရဖို့ ရှိပြီး လာမယ့် သြဂုတ်လအတွင်း ထိုးသတ်သွားဖို့ရှိနေပါတယ်။