နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်၏လမ်းညွှန်မှုအရ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတွေနဲ့ လူငယ်နည်းပညာရှင်ကိုထူးမြင့်နောင် (Technomation) တို့ ပူးပေါင်းပြီး Quarantine လုပ်သူေတွအတွက် “စောစောပြော” Mobile App ကိုဖန်တီးပြီးပြီလို့သိရပါတယ်။

အဲဒီ Mobile App ကိုရီးယားသမ္မတနိုင်ငံအပါအဝင် အခြားနိုင်ငံေတွမှာ COVID-19 နဲ့ပတ်သက်ပြီး ဖန်တီးအသုံးပြုနေတဲ့ Mobile App တွေကို နမူနာယူပြီး မြန်မာနိုင်ငံရဲ့အနေအထား၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနရဲ့လိုအပ်ချက်တွေနဲ့ ကိုက်ညီအောင် ရေးဆွဲထားတာပါ။ App ရဲ့ ရည်ရွယ်ချက်ကတော့ ရောဂါဖြစ်ပွားရာ(သို့မဟုတ်) နိုင်ငံခြားကနေ ပြန်ရောက်လာတဲ့သူတစ်ဦးအနေနဲ့ မဖြစ်မနေ သတင်းပို့တာတွေ၊ သီးခြားခွဲခြားနေထိုင်တာတွေ၊ အသွားအလာကန့်သတ်ခြင်း (Quarantine) ဖြင့် ကိုယ်တိုင်ရောဂါဖြစ်ပွားလာရင် စောစီးစွာသိရှိပြီးတော့ ထိရောက်တဲ့ကုသမှုတွေ ခံယူကာ အသက်သေဆုံးခြင်းက ကာကွယ်နိုင်မယ့်အပြင် သူ့ရဲ့မိသားစုဝင်တွေ၊ သူနဲ့အတူနေသူတွေ၊ နေထိုင်ရာရပ်ကွက်တွင်းမှာပါ ရောဂါကူးစက်မှုကာကွယ်ဖို့ဖြစ်တယ် လို့ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်အေးအေးစိန် ကရှင်းပြထားပါတယ်။

လေဆိပ်၊ မြ၀တီနယ်စပ်စစ်ဆေးရေးဂိတ်တွေ၊ အခြားတိုင်းဒေသကြီး ဂိတ်တွေမှာ ဒီ App ကို ထည့်ပေးမှာဖြစ်ပါတယ်။ အိုကေလို့ နှိပ်လိုက်တာနဲ့ App မှာ ပါဝင်တဲ့ သတင်းအချက်အလက်တွေ၊ လိုက်နာဆောင်ရွက်ရမယ့်အချက်ေတွကို ရှင်းလင်းပြောပြေပးမှာပါ။ မြန်မာ၊ အင်္ဂလိပ် နှစ်ဘာသာနဲ့ ဖော်ပြပေးထားပြီး Page လေးတစ်ခု ကျလာရင် နာမည်၊ မှတ်ပုံတင်(သို့)ပတ်စ်ပို့ကို ဖြည့်သွင်း ရမှာဖြစ်ပါတယ်။ အရေးကြီးဆုံးကတော့ သုံးစွဲသူရဲ့ဖုန်းနံပါတ်လို့ဆိုထားပြီး ဖုန်းနံပါတ်ကို မှန်ကန်စွာဖြည့်သွင်းမှ သာလျှင် ဒီဖုန်းနံပါတ်ကို စောင့်ကြည့်လို့ရမှာ ဖြစ်ပါတယ်။
အကူအညီနဲ့ သတင်းနဲ့ ကြေညာချက်များကဏ္ဍတွေက အကူအညီဆိုတာကို နှိပ်လိုက်မယ်ဆိုရင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက သူအကူအညီတောင်းလို့ရမယ့် တိုင်းဒေသကြီးနဲ့ ပြည်နယ်အလိုက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနရဲ့ ဖုန်းနံပါတ်ေတွပေါ်လာပါမယ်။ သတင်းနှင့် ကြေညာချက်ဆိုတဲ့ Icon လေးကိုနှိပ်မယ်ဆိုရင်တော့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနရဲ့ ဝက်ဘ်ဆိုက်ကို ရောက်မှာဖြစ်ပြီး COVID-19 နဲ့ ပတ်သက်လို့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့ သတင်းအချက်အလက်တွေကို အပြည့်အစုံရရှိမှာဖြစ်ပါတယ်။သုံးစွံသူရဲ့ Location နဲ့ အပေါ်က အချက်အလက်ေတွနဲ့ အတူ “စောစောပြော” Platform မှာ မှတ်တမ်းတင်ပြီး Database နှင့် သိမ်းဆည်းထားမယ်လို့သိရပါတယ်။
အရေးပေါ်ခေါ်ဆိုနိုင်မယ့် Hot Line ဖုန်းနံပါတ် ထည့်သွင်းထားတဲ့အတွက် App မှ တစ်ခါတည်း ဖုန်းခေါ်ဆို သတင်းပို့နိုင်ပါလိမ့်မယ်။ Quarantine ဝင်နေရတဲ့ ပြည်သူတစ်ဦးချင်းစီရဲ့ တင်ပြချက်တွေ၊ ကျန်းမာရေးအခြေအနေနဲ့ တည်နေရာကို အချိန်နဲ့တပြေးညီ မှတ်တမ်းတင်ထားမှာဖြစ်ပြီး ကျန်းမာရေးဝန်ထမ်းတွေက တစ်ဦးချင်းအလိုက်၊ နေ့ရက်အလိုက်၊ အချိန်အပိုင်းအခြားအလိုက် ပြန်လည် ကြည့်ရှုနိုင်မှာဖြစ်တယ်လို့သိရပါတယ်။
Mobile App သုံးစွဲမယ့် Quarantine လုပ်ခံရသူတစ်ဦးချင်းကို မိုဘိုင်း အော်ပရေတာတွေက ဆင်းကတ်တွေနဲ့ အင်တာနက်ဒေတာတွေ အခမဲ့ပေးအပ်သွားမှာပါ။ စောစောပြော Mobile Application ကို www.sawsawpyaw.com မှာ download ရယူနိုင်ပါတယ်။
Source – moi.gov.mm