ချစ်ခင်ရပါတဲ့ BSY မိသားစုဝင်များခင်ဗျား
ဒီစာကိုဘယ်နေရာကနေ ဖတ်နေတာဖြစ်ပါစေ အားလုံးအနေနဲ့ လုံခြုံမှု၊ ပျော်ရွှင်မှု၊ ကျန်းမာခြင်းများနဲ့ အထူးသဖြင့်အကောင်းမြင်မှုတွေနဲ့အတူ ရှိနေဖို့ ကျွန်တော်မျှော်လင့်ပါတယ်။
တစ်ခါတစ်ရံမှာ ကျွန်တော်တို့အနေနဲ့ အကောင်းမြင်ခြင်း (သို့) အပြုသဘောဆောင်ခြင်း ဆိုတဲ့ အရာကိုမွေးရာပါလို့ထင်မှတ်တတ်ကြပါတယ်။ “သူမက အကောင်းမြင်တတ်သူပဲ” သို့မဟုတ် “သူကတော့ အားလုံးကိုအဆိုးမြင်နေတဲ့လူပဲ” ဆိုတာမျိုးတွေပေါ့။ ဒါက သဘောတရားအရမှန်တယ်လို့ ဆိုနိုင်ပေမယ့် အကောင်းမြင်ခြင်း သို့မဟုတ် အပြုသဘောဆောင်ခြင်းဆိုတာက သင်ဘယ်သူလဲဆိုပြီးဖော်ပြတာမျိုးထက် သင်ဘယ်သူတွေနဲ့ အတူရှိနေလဲဆိုတဲ့ သဘောကိုဆောင်ပါတယ်။ တကယ်တော့ အကောင်းမြင်ခြင်းဆိုတဲ့အရာက ဗိုင်းရပ်စ်နဲ့အတော်လေးဆင်တူပြီး ကူးစက်နှုန်းမြင့်မားတဲ့အပြင် သက်ရှိတွေရဲ့ဦးနှောက်မှတုပလုပ်ဆောင်မှု (Mirror Neurons) ဆိုပြီး သိပ္ပံပညာရှင်တွေခေါ်ဆိုတဲ့ ဖြစ်စဉ်ကနေ တစ်ဆင့် ပြန့်ပွားတတ်တဲ့သဘောရှိပါတယ်။ ဒါကတော့ သင့်ဦးနှောက်ထဲက ဆဲလ်တွေကတစ်စုံတစ်ရာကို နားလည်ဖို့လုပ်ဆောင်ခြင်းနဲ့ ကိုယ်ပတ်ဝန်းကျင်ကလူတွေရဲ့ ခံစားချက်တွေကို အဓိပ္ပါယ်ဖွင့်ဆိုဖို့အတွက် အဲဒီခံစားချက်တွေကို ကိုယ့်ဦးနှောက်ထဲကူးယူပြီး တုပကူးယူလုပ်ဆောင်တာပဲဖြစ်ပါတယ်။ ဒီလိုကိုယ့်ဦးနှောက်ကတုပပြီးလုပ်ဆောင်တာဟာ အလွန်လျင်မြန်ပြီး ကျွန်တော်တို့မှာ ဒါကို ထိန်းချုပ်နိုင်စွမ်းလုံးဝမရှိပါဘူး။ တစ်စုံတစ်ယောက်က အာသန်းတာကို မြင်လိုက်တဲ့အချိန်မှာ ကိုယ်ကလည်းလိုက်ပြီးလိုက်ပြီး အာသန်းမိတာမျိုးကြုံဖူးပါသလား။ အဲဒီအတွက် ဦးနှောက်မှတုပလုပ်ဆောင်မှု (Mirror Neurons) ဆိုတဲ့ ဖြစ်စဉ်ကြီးကို သွားပြီးအပြစ်တင်ရမှာပါပဲ။ အခုတကယ့်လက်တွေ့အခြေအနေမှာ အထူးသဖြင့်လက်ရှိတစ်ကမ္ဘာလုံးမှာ ကြုံတွေ့နေရတဲ့အခြေအနေတွေက ဒီသဘောတရားနဲ့ ကျိုးကြောင်းညီညွတ်နေပြီး တကယ်လို့ သင်က ကိစ္စတစ်ခုနဲ့ပတ်သက်ပြီး အပြုသဘောဆောင်တယ်၊အကောင်းမြင်တယ်ဆိုရင် သင့်ပတ်ဝန်းကျင်ကလူတွေအနေနဲ့လည်း သင့်လိုပဲအကောင်းမြင်ဖို့ဖြစ်လာမှာပါ။ အတုံ့အလှည့်အနေနဲ့ သင့်ပတ်ဝန်းကျင်ကလူတွေက အပြုသဘောဆောင်တတ်တဲ့လူတွေဆိုရင် သင်လည်း အပြုသဘောဆောင်တဲ့လူတစ်ယောက်အနေနဲ့ပဲ ရှိနေမှာဖြစ်ပါတယ်။ ဒီဖြစ်စဉ်က အပြုသဘောဆောင်ခြင်းနဲ့ အကောင်းမြင်တတ်တဲ့ အသိုက်အဝန်းကို ဖန်တီးပေးပြီး အိမ်ထောင်စုတွေ၊ မိသားစုတွေနဲ့ နောက်ဆုံး လူ့အသိုက်အမြုံတစ်ခုလုံးအထိပါ ဒီလိုအကောင်းမြင်ခြင်းကို ပြန့်ပွားစေပါတယ်။
BSY အသိုက်အဝန်းထဲမှာတော့ ကျွန်တော်တို့အနေနဲ့ လက်ရှိ အွန်လိုင်းသင်ကြားမှုတွေလုပ်နေတဲ့အပေါ် အကောင်းမြင်ပြီး အချိန်တန်ရင် လုံလုံခြုံခြုံနဲ့ ပုံမှန်အတိုင်းအတန်းတွေ ပြန်စနိုင်ဖို့ကိုလည်း အကောင်းဖက်ကရှုမြင်ပါတယ်။ ကျွန်တော်တို့အားလုံးအနေနဲ့ အခုဖြစ်ပွားနေတဲ့ Covid 19 ကို တားဆီးကာကွယ်ဖို့ လူတွေနဲ့ ဝေးရာကိုရှောင်ရှား(Social Distancing) နေကြတဲ့အချိန်မှာ BSY အနေနဲ့လည်း ကျွန်တော်တို့ရဲ့ ဆရာ၊ဆရာမတွေ၊ ကျောင်းသူကျောင်းသားတွေ၊ မိဘတွေနဲ့ ဒီအသိုက်အဝန်းကြားမှာ ပျော်ရွှင်မှုတွေ၊ စိတ်ပိုင်းဆိုင်ရာတည်ငြိမ်မှုတွေ၊ ခံနိုင်ရည်တွေ ရှိနေဖို့အတွက် အကောင်းမြင်မှုနဲ့ အပြုသဘောဆောင်ခြင်းကို တက်တက်ကြွကြွနဲ့ ဖြန့်ဖြူးနေပါတယ်။
ခံနိုင်ရည်ရှိခြင်း – ခံနိုင်ရည်ရှိခြင်းဆိုတာ အကောင်းမြင်ခြင်းနည်းတူပဲ လူတစ်ယောက်မှာ မွေးရာပါ ပါရှိတဲ့အရည်အသွေးလို့ လွဲမှားစွာ ယူဆတတ်ကြပါတယ်။ တကယ်တော့ ခံနိုင်ရည်ရှိခြင်းဆိုတာက စွမ်းရည်တစ်ခုပါပဲ။ ဒီ စွမ်းရည်ကို ဘယ်သူမဆိုသင်ယူတာ၊ ပိုပြီးတိုးတက်ကောင်းမွန်အောင်လုပ်တာ၊ လေ့ကျင့်တာနဲ့ ကျွမ်းကျင်တတ်မြောက်သွားဖို့ကို အချိန်ယူပြီးလုပ်ဆောင်နိုင်ပါတယ်။ အင်္ဂလိပ်လို Resilient (ခံနိုင်ရည်ရှိခြင်း) ဆိုတာဟာ လက်တင်ဘာသာစကားဖြစ်တဲ့ resilire ဆိုတဲ့ စကားလုံးကနေလာတာဖြစ်ပြီး နောက်ဆုတ်ဖယ်ခွာခြင်း (သို့) ပြန်လည်ခုန်တက်ခြင်း (recoil or rebound) လို့ အဓိပ္ပါယ်ရပါတယ်။ ဒီစကားလုံးက ၁၈၅၀ ခုနှစ်တွေမှာ စတင် တွင်ကျယ်လာလာခဲ့တာဖြစ်ပြီး တစ်စုံတစ်ခုမှာရှိတဲ့ “လိုက်လျောညီထွေလုပ်ဆောင်နိုင်တဲ့စွမ်းရည်ရှိမှု” ကိုဆိုလိုတာဖြစ်ပြီး ဒီနေ့မှာတော့ စိတ်ပညာရှင်တွေက “ အခက်အခဲတွေ၊ စိန်ခေါ်မှုတွေ၊ ခြိမ်းခြောက်မှုတွေ သို့မဟုတ် ဖိအားတွေနဲ့ လိုက်လျောညီထွေစွာ နေထိုင်ခြင်း”လို့ အဓိပ္ပါယ်ဖွင့်ဆိုကြပါတယ်။ တိုတိုနဲ့ ပိုပြီးဆီလျော်အောင် ပြောရရင်တော့ “ဘဝတွင်ခက်ခဲမှုများကြောင့် အလဲထိုးခံရခြင်းနှင့် အားအင်အပြည့်ဖြင့်ပြန်လည်ရုန်းထဝင်ရောက်ခြင်း” လို့ ခေါ်ဆိုနိုင်ပါတယ်။
သင်ဘယ်နေရာမှာ ရှိနေတာဖြစ်ပါစေ ဒါကလက်ရှိအခြေအနေမှာ အရေးကြီးပါတယ်။ တစ်ကမ္ဘာလုံးရင်ဆိုင်နေရတဲ့ ဒီအခက်အခဲတွေကြားမှာ ကျွန်တော်တို့အသိုက်အဝန်းအနေနဲ့ ကောင်းမွန်စွာ လိုက်လျောညီထွေရှင်သန်နိုင်ရပါမယ်။ ကျွန်တော်တို့ရဲ့ လိုက်လျောညီထွေနေထိုင်နိုင်တဲ့အရည်အသွေးတွေကို အလုပ်မှာရော တစ်ကိုယ်ရည်ဘဝမှာပါ ကျင့်ကြံအားထုတ်ရမှာဖြစ်ပါတယ်။ ဒါ့အပြင် မကြုံစဖူးကြုံရတဲ့ ဒီအဖြစ်ကြီးထဲကနေ ပြန်လည်ရုန်းထဖို့ နဲ့ ကျွန်တော်တို့ကျောင်းကိုလည်း အရင်ကထက် အပြုသဘောဆောင်တဲ့ အခြေအနေမှာ ပြန်ပြီး ဖွင့်လှစ်နိုင်ဖို့လည်း ကျွန်တော်တို့အားလုံးပြင်ဆင်ထားရမှာဖြစ်ပါတယ်။ ဒီလိုမျှော်မှန်းထားတဲ့အတိုင်းဖြစ်လာအောင် အထောက်အကူပေးနိုင်ဖို့ အောက်မှာ အချက် ၃ ချက် ကိုဖော်ပြထားပြီး ဒီအချက်တွေထဲမှာ ကျွန်တော်တို့ရဲ့ ခံနိုင်မှုစွမ်းရည်ကို ပြုစုပျိုးထောင်ဖို့ နဲ့ ဒါကို ဘယ်လိုလေ့ကျင့်ယူရမလဲဆိုတာအပြင် လက်ရှိ Lockdown ကာလမှာ ဒီအကောင်းမြင်ခြင်းဆိုတဲ့အရာကို မိမိရဲ့ မိသားစုဝင်တွေနဲ့ တစ်ကမ္ဘာလုံးမှာရှိတဲ့ BSY အသိုက်အဝန်းထဲပါဝင်သူတွေဆီကို အလျင်အမြန် ပြန့်ပွားသွားအောင် ဘယ်လိုလုပ်ဆောင်ရမလဲဆိုတာတွေပါဝင်ပါတယ်။
အပြုသဘောဆောင်ခြင်းနှင့် ခံနိုင်ရည်ရှိရန်အတွက် အရေးကြီးအချက် ၃ ချက်
၁။ အမေရိကန်ရေတပ်ဖွဲ့တွေလိုတွေးပါ
ဒီ Lockdown ကာလတစ်လျှောက်လုံးမှာ ကျွန်တော်လုပ်ဖြစ်ခဲ့တာက နေ့စဉ်ပြုလုပ်သွားမယ့် အလေ့အကျင့်အသစ်တွေကို ပြုစုပျိုးထောင်တဲ့ အကြောင်းနဲ့ ပတ်သက်ပြီး အချက်အလက်တွေ ဖတ်ရှုလေ့လာတာပဲဖြစ်ပါတယ်။ သဘောမတူတာတွေလည်းရှိခဲ့ပါတယ်။ ဒါတွေဖတ်နေမယ့်အစား အမေရိကန်ရေတပ်ဖွဲ့ဝင်တွေလုပ်သလို စဉ်းစားတွေးခေါ်နေထိုင်ကြည့်ဖို့ ကျွန်တော် ကြိုးစားခဲ့ပြီး သူတို့ရဲ့ နာမည်ကျော် ဆောင်ပုဒ်ဖြစ်တဲ့ “လိုက်လျောညီထွေအောင်နေ၊ ကိုယ်တိုင်တီထွင်ကြံဆ၊ အောင်မြင်စွာကျော်ဖြတ်” ဆိုတဲ့အတိုင်း လက်တွေ့လုပ်ဆောင်ကြည့်ဖို့ ကျွန်တော်ကြိုးစားခဲ့ပါတယ်။ တစ်ခုခုလုပ်ဖို့ နည်းလမ်းအသစ်တွေရှာဖွေမယ့်အစား နေ့စဉ်လုပ်ငန်းဆောင်တာတွေကို ဒီဆောင်ပုဒ်ထဲကအတိုင်း လိုက်လျောညီထွေဖြစ်အောင်လုပ်ဆောင်တာ၊ ကျွန်တော့်ရဲ့ အလုပ်လုပ်တဲ့ပုံစံကိုပဲ ပိုပြီးကောင်းအောင်တီထွင် ကြံဆတာနဲ့ ကျွန်တော့်ရဲ့နေ့စဉ်တစ်ကိုယ်ရည်လုပ်ငန်းဆောင်တာတွေနဲ့ အလုပ်တာဝန်တွေထဲက စိန်ခေါ်မှုတွေကို ရင်ဆိုင်ကျော်ဖြတ်တာမျိုးတွေလုပ်ဆောင်ကြည့်နေပါတယ်။
ဒီလိုလုပ်ဆောင်တာတွေထဲကတစ်ခုက ကျွန်တော့်ရဲ့ ပုံမှန်တစ်ပါတ်တာလုပ်ဆောင်နေကျ လေ့ကျင့်ခန်းတွေကို အဲဒီဆောင်ပုဒ်ထဲကအတိုင်း လုပ်ကြည့်တာမျိုးပါ။ ဝိတ်မတက်ဖို့လား။ ပြဿနာမရှိပါဘူး။
သင့်အနေနဲ့ လုပ်နေကျပုံစံအတိုင်းပဲလုပ်ဆောင်နေဖို့ပါပဲ။ ဒါပေမယ့် သင့်ရဲ့ မူလခန္ဓာကိုယ်အလေးချိန်ကို သုံးကြည့်ပါ။ ဥပမာ အိမ်ထဲက ခုံတန်းရှည်မှာပါတဲ့ ခလုတ်ကို ဒိုက်ထိုးဖို့ပြောင်းလဲအသုံးပြုတာမျိုးပေါ့။ ထို့နည်းတူပဲ ဝိတ်တုံးတွေမပါပဲ ကျောပိုးအိတ်ထဲမှာ စာအုပ်တွေအပြည့်ထည့်ပြီး ကီထိုင်တာမျိုးတွေ အခုကျွန်တော်လုပ်နေပါတယ်။ အရင်ကလေ့ကျင့်ခန်းအတိုင်းပဲလုပ်တယ်၊ အားထုတ်မှုလည်း အရင်အတိုင်း၊ လေ့ကျင့်ခန်းလုပ်တဲ့အချိန်လည်း အရင်အတိုင်းပါပဲ။ အင်္ဂါနေ့တိုင်း ကျွန်တော့် အဖော် (ဇနီး)နဲ့ ပုံမှန် လုပ်နေကျ ယောဂလေ့ကျင့်ခန်းကိုလည်း အခုပုံမှန်လုပ်နေတုန်းပါပဲ၊ အရင်က နဲ့မတူတာက Youtube ကနေသင်ပြပေးတဲ့ညွှန်ကြားချက်တွေအတိုင်းဆက်ပြီးလုပ်ဆောင်သွားတာပါပဲ။ဒါ့အပြင် ကျွန်တော့်ရဲ့ ရပ်ဂ်ဘီဘောလုံး ထရိန်နင်ကိုလည်း ကျွန်တော့်အဖွဲ့သားတွေနဲ့အတူ ဗုဒ္ဓဟူးတစ်ရက်မှာလုပ်ဆောင်နေဆဲပါပဲ။ အဖွဲ့သားတွေအားလုံး Video Call အတူခေါ်ပြီး ရပ်ဂ်ဘီကစားနည်းနဲ့ သက်ဆိုင်တဲ့ လိုအပ်တဲ့လေ့ကျင့်ခန်းတွေကို အတူလုပ်ဆောင်ကြပါတယ်။
နောက်ထပ်ဥပမာကောင်းတစ်ခုက BSY ရဲ့ သင်ကြားရေးနဲ့ ကူညီထောက်ပံ့ရေးဝန်ထမ်းတွေ ဖန်တီး လုပ်ဆောင်လိုက်တဲ့ အွန်လိုင်းစာသင်ခန်းရပ်ဝန်းပဲဖြစ်ပြီး ဒါက Online ကနေစာသင်ယူလေ့လာရုံဆိုတာထက်ပိုပါတယ်။ ကျွန်တော်တို့ ပုံမှန်လုပ်ဆောင်နေကျပုံစံတွေကို ပြောင်းလဲပစ်လိုက်တာထက် ပုံမှန်ကျောင်းသားဘဝကို ဆက်ပြီးအတတ်နိုင်ဆုံး ခံစားရစေဖို့ ရိုးရိုးလေးနဲ့ပဲ လိုက်လျောညီထွေစွာနဲ့ တီထွင်ကြံဆပြီး လုပ်ဆောင်လိုက်တာပဲဖြစ်ပါတယ်။ နောက်ထပ် ဥပမာကောင်းတွေကတော့ Miss Tileman နဲ့ Miss Dune ကနေပြီးတော့ စီစဉ်လုပ်ဆောင်နေတဲ့ အွန်လိုင်းကပြိုင်ပွဲတွေနဲ့ ASCs အစီအစဉ်တွေပါ။ ကောင်းမွန်တဲ့ တီထွင်ကြံဆမှုတွေ၊ အံ့သြဖို့ကောင်းတဲ့ လိုက်လျောညီထွေလုပ်နိုင်မှုတွေနဲ့ ဒူပေဒံပေခံနိုင်ပြီး ပြောင်မြောက်တဲ့လုပ်ဆောင်ချက်တွေလို့ဆိုရပါမယ်။
သေချာတာကတော့ ကျွန်တော်တို့ အသိုက်အဝန်းတွေထဲမှာလည်း ဒီလို ကြံ့ကြံ့ခံနေတဲ့ ပြောင်မြောက်တဲ့ ဥပမာတွေအများကြီးရှိနိုင်ပြီး တကယ်လို့ သင့်မှာလည်း အမေရိကန်ရေတပ်သားတွေလို စွမ်းရည်တွေရှိနေတယ်ဆိုရင် ကျွန်တော်တို့ကိုလည်း သင့်ရဲ့ နေ့စဉ်လုပ်ဆောင်နေတဲ့ လိုက်လျောညီထွေဆောင်ရွက်မှုတွေ၊ တီထွင် ကြံဆမှုတွေကို ပြောပြဖို့ တောင်းဆိုပါရစေ။ သင်လုပ်ဆောင်နေတဲ့ ကိစ္စတွေကနေတစ်ဆင့် ကျွန်တော်တို့အတွက်လည်း အကျိုးရှိမယ့်အရာတွေကိုရယူကောင်းရယူနိုင်ပါလိမ့်မယ်။
၂။ အပြုသဘောဆောင်ခြင်းရဲ့ ၉၉% ဟာ သိမြင်နားလည်ခြင်းဖြစ်တယ်
အမှောင်ဆုံးသောအချိန်တွေမှာတောင် ပျော်ရွှင်မှုကို ရှာဖွေတွေ့ရှိနိုင်ပါတယ်၊ တစ်ကယ်လို့ တစ်စုံတစ်ယောက်က မီးလေးကို ဖွင့်လိုက်ဖို့ သတိရလိုက်မယ်ဆိုရင်ပေါ့။ ဒီလိုအချိန်မျိုးမှာ အနှုတ်သဘောဆောင်တဲ့ ကိစ္စတွေနဲ့ အချိန်ကုန်သွားဖို့ လွယ်ကူနေပြီး စိတ်ညစ်စရာအကြောင်းအရာတွေကိုပဲ အာရုံစိုက်မိဖို့ဖြစ်လာတတ်ပါတယ်။ တစ်ချို့ဆိုရင် ကမ္ဘာပျက်နေတဲ့အလား စဉ်းစားလာတတ်ပါတယ်။ ဒီလိုဖြစ်လာဖို့ ကိုယ့်ကိုကိုယ်ခွင့်မပြုလိုက်ပါနဲ့။ ကိုယ့်ရဲ့ သိမြင်ကြားယောင်နေတဲ့ အရာတွေကို ထိန်းသိမ်းပြီး အပြုသဘောဆောင်တဲ့အရာတွေနဲ့ အကောင်းမြင်တတ်ဖို့ပဲဖြစ်ပါတယ်။
ကျောင်းစပိတ်တဲ့နေ့မှာပဲ တကယ်ပဲစိတ်ထိခိုက်မှုတွေနဲ့ မသေချာမှုတွေက PE ဌာနမှာရှိနေခဲ့ပါတယ်။ အနှုတ်သဘောဆောင်တဲ့ အတွေးတွေ၊ ကောက်ချက်ချမှုတွေနဲ့ ခန့်မှန်းချက်တွေက PE ရုံးခန်းတစ်ခုလုံးမှာရှိနေခဲ့ပြီး Mr. Dean ကနေပြီး ဒီလိုလုပ်နေပြောနေတာတွေကို တွေကို ရပ်ဖို့ပြောပြီး အကောင်းမြင်တဲ့ သဘောထား၊ မှတ်ချက်တွေကိုယူဆောင်မလာခင်အထိပါပဲ။ “ကျောင်းသားတွေအတွက် ဗီဒီယိုတွေလုပ်နေရင်းလည်း ပျော်စရာတွေရှိမှာပါ၊ အွန်လိုင်းကနေစာသင်မယ့် ကိစ္စတွေမှာ အားလုံး အချိတ်အဆက်မိပြီး ပါဝင်နိုင်အောင် ငါတို့လုပ်ကြမယ်၊ PE ဌာနမှာ ICT ကိုအသုံးချနေတာတွေ နဲ့ ပတ်သက်ပြီး မရှိမဖြစ်လိုအပ်တဲ့အရည်အချင်းတွေကိုလည်း ဒါတွေလုပ်နေရင်းကနေတစ်ဆင့် ဒီကိစ္စတွေမှာကိုယ်တိုင် ပိုပြီးကျွမ်းကျင်လာအောင်လုပ်လို့ရတာပဲ”။ ဒီစကားတွေကြားပြီး တစ်ချိန်တည်းမှာပဲ ဒီအဖြစ်အပျက်အပေါ် ကျွန်တော့်ရဲ့ သိမြင်နားလည်မှုက ပြောင်းလဲသွားခဲ့တဲ့အပြင် အထက်မှာပြောခဲ့တဲ့ ဦးနှောက်ရဲ့ တုပလုပ်ဆောင်မှု (Mirror Neurons) ဖြစ်သွားခဲ့ပြီး သူ့ကြောင့််ပဲ အခန်းထဲမှာ အကောင်းမြင်မှုတွေကို ဖြစ်ပေါ်စေခဲ့ပါတယ်။ Mr. Dean ပြောတာအမှန်ပါပဲ။ ကျွန်တော့်အနေနဲ့လည်း ICT အသုံးပြုတာနဲ့ ပတ်သက်ပြီး အံ့သြဖို့ကောင်းတဲ့နည်းလမ်းတွေကို သင်ယူခဲ့ရတဲ့အပြင် အွန်လိုင်းပလက်ဖောင်းကိုအသုံးပြုပြီး ကျွန်တော်တို့ကျောင်းသူကျောင်းသားတွေရဲ့ ပညာရေးအတွေ့အကြုံတွေကို ပိုပြီးကောင်းမွန်အောင်လုပ်ဆောင်နိုင်ဖို့ကိုလည်း သင်ယူခဲ့ရပါတယ်။ ဒီစွမ်းရည်အသစ်တွေက အချိန်နဲ့အမျှပိုမို ကောင်းမွန်လာမှာဖြစ်ပြီးကျွန်တော့်ရဲ့ လုပ်သက်တစ်လျှောက်လုံးမှာလည်းပါသွားတော့မှာပါ။
သင့်အနေနဲ့လည်း ဒီလိုလုပ်ဆောင်ကြည့်ဖို့ ကျွန်တော်ကတိုက်တွန်းလိုပါတယ်။ ပထမဆုံးမှာတော့ အပြုသဘောဆောင်တတ်ဖို့ရှာဖွေလုပ်ဆောင်ပါ။ လက်ရှိအချိန်မှာ အရင်ကထက်စာရင် ကျွန်တော့်အဖော် (ဇနီး) နဲ့ အချိန်တွေအတူကုန်ဆုံးနေရပြီး ဒါကိုကျွန်တော် ပျော်ရွှင်ကျေနပ်ရပါတယ်။ အလုပ်တွေအတူလုပ်ဖြစ်တယ်၊ အတူတူ အပန်းဖြေတယ်၊ ပြီးတော့တကယ်လို့ သင်သတိပြုမိမယ်ဆိုရင် ကျွန်တော်တို့နှစ်ယောက်အတူလုပ်ဆောင်နေတဲ့ ၃ ခုမြောက် Audiobook (thank you Stephen Fry) ကိုလည်း အဆုံးသတ်နိုင်ခဲ့ပါတယ်။ သင့်အနေနဲ့လည်း အခုလိုအပိုရတဲ့အချိန်တွေကို ချစ်ခင်ရသူတွေနဲ့ အတူကုန်ဆုံးရခြင်းဆိုတဲ့ ကောင်းကျိုးကို မြင်တွေ့ခံစားနိုင်ဖို့ ကျွန်တော်မျှော်လင့်ပါတယ်။
ဒုတိယတစ်ခုကတော့ နာရီ ၁၀၀၀၀ ဆိုတဲ့ စည်းမျဉ်းကြီးကြောင့် အဟန့်အတားမဖြစ်ပါစေနဲ့။ လူတွေကျယ်ကျယ်ပြန့်ပြန့်ယုံကြည်နေကြတာတစ်ခုက စွမ်းရည်အသစ်တစ်ခုခုကို သင်ယူဖို့ဆိုရင် နာရီ ၁၀၀၀၀ ကြာတယ်ဆိုတာပါပဲ။ စိတ်ပညာရှင်တွေရဲ့ ပြောကြားချက်အရ စွမ်းရည်တစ်ခုခု ကိုလေ့လာဆည်းပူးဖို့အတွက် နာရီ ၂၀ ပဲ တစ်စိုက်မတ်မတ် လေ့ကျင့်ဖို့လိုတယ်လို့ဆိုပါတယ်။ တကယ် ကျွမ်းကျင်အဆင့်ကိုရောက်ဖို့ကတော့ နာရီ ၁၀၀၀၀ လိုပါတယ်။ ဒီတော့ သင့်ရဲ့ ခံနိုင်ရည်ကို စမ်းသပ်ကြည့်ပါ။ ပြီးတော့ နေ့တိုင်းအချိန် ၁ နာရီပေးပြီး သင့်ရဲ့ စွမ်းရည်တွေကို တိုးချဲ့ကြည့်လိုက်ပါ။
၃။ ဆက်သွယ်ပါ စကားပြောပါ ဒါပေမယ့် …
ဆိုရှယ်မီဒီယာဟာ သူငယ်ချင်းတွေ၊ မိသားစုတွေနဲ့ ဆက်သွယ်ဖို့ အဓိပ္ပါယ်ပြည့်ဝတဲ့ အရာမဟုတ်ပါဘူး။ ဆိုရှယ်မီဒီယာ အသုံးပြုခြင်းဟာ အကျိုးရရှိမှုနည်းပါးတဲ့အပြင် တစ်ခါတစ်ရံမှာ ကျွန်တော်တို့ရဲ့ စိတ်ကျန်းမာရေးကိုလည်း ထိခိုက်စေနိုင်တယ်ဆိုတာကို ကျွန်တော်တို့အားလုံးသိပါတယ်။ ဒါက ခန္ဓာကိုယ်အချိုးအစားပုံမမှန်မှု (body dysmorphia ) ကိုဖြစ်စေတဲ့အပြင် စိတ်ကျခြင်းနဲ့လည်း ဆက်နွယ်နေပါတယ်။ ဒါတောင်မှ အိပ်ရာထဲကနေမထွက်သေးခင်မှာပဲ လူအတော်များများလုပ်ဖြစ်ကြတာက အချိန်အတော်ကြာကြာ ပုံတွေကို Scroll လုပ်ပြီးကြည့်တာ၊ memes တွေကြည့်တာ၊ tik tok ဗီဒီယိုတွေ ကြည့်တာ သို့မဟုတ် Instagram ကပုံတွေကြည့်တာတွေအတွက် သုံးနေကြပါတယ်။ ကျွန်တော်တို့တွေ ဒါကိုဘာလို့လုပ်နေရတာလည်းဆိုတော့ ဆိုရှယ်မီဒီယာရဲ့ တစ်ခုတည်းသောရည်ရွယ်ချက်က ကျွန်တော်တို့ရဲ့ အာရုံစိုက်ခံရမှုကို ရရှိဖို့နဲ့ ဒီလို အာရုံစိုက်ခံရမှုကို ဆက်ပြီးထိန်းသိမ်းထားနိုင်ဖို့ပါပဲ။ တကယ်တော့ ဆိုရှယ်မီဒီယာဟာ ကျွန်တော်တို့ရဲ့ဦးနှောက်ဆီက dopamine ထုတ်လွတ်မှုကို ခြယ်လှယ်ပြီး သင့်အနေနဲ့ အွန်လိုင်းပေါ်မှာပဲရှိနေအောင်၊ လိုက်လုပ်လာအောင်၊ ပစ္စည်းတွေဝယ်ချင်လာအောင် ဒီဇိုင်းဆွဲပြုလုပ်ထားတာပဲဖြစ်ပါတယ်။ ဒါတွေက တကယ်ဖြစ်နေတဲ့ စွဲလမ်းမှုတွေဖြစ်ပြီး ဒီလိုဖြစ်စဉ်ကနေ ကာကွယ်နိုင်ဖို့ အရေးကြီးပါတယ်။
ဒီကိစ္စအတွက် ကျွန်တော်အကြံပေးချင်တာကတော့ သင့်ရဲ့အခြားသူတွေနဲ့ ဆက်ဆံရေးနဲ့ပတ်သက်ပြီး ခံနိုင်ရည်ရှိဖို့နဲ့ဆိုရှယ်မီဒီယာအသုံးပြုတဲ့အချိန်မှာ သင့်ရဲ့ရည်ရွယ်ချက်ကို သေချာစဉ်းစားဖို့ပါပဲ။ ဆိုရှယ်မီဒီယာကို ဒီအတိုင်း အမှုမဲ့အမှတ်မဲ့ scroll လုပ်နေဖို့ပဲမသုံးပါနဲ့။ ရေခဲသေတ္တာဆီလျှောက်သွားပြီး အထဲကပစ္စည်းတွေကို ဘာအကြောင်းပြချက်မှ မရှိပဲ သွားငေးကြည့်နေတာမျိုးသင်လည်း မလုပ်လောက်ပါဘူး။ တကယ်လို့သင့်အနေနဲ့ ဆိုရှယ်မီဒီယာကို တကယ်ပဲအသုံးပြုမယ်ဆိုရင်တောင် ရှင်းလင်းတဲ့ ရည်ရွယ်ချက်နဲ့ အဓိပ္ပါယ်ပြည့်ဝစွာ ဆက်သွယ်မှုတွေကို ချစ်ခင်သူတွေ သို့မဟုတ် သူငယ်ချင်းတွေနဲ့ ပြုလုပ်ဖို့ အသုံးပြုပါ။ အထူးသဖြင့် အခုလိုတစ်ယောက်နဲ့တစ်ယောက်ဝေးဝေးကနေရတဲ့အချိန်မျိုးမှာပေါ့။ မိသားစုတွေ၊ သူငယ်ချင်းတွေနဲ့ ဆက်သွယ်ဖို့ အခွင့်အလမ်းတွေကို ကျွန်တော်တို့အားလုံး တက်တက်ကြွကြွလုပ်ဆောင်ကြရအောင်ပါ။ ဒီလိုလုပ်ဆောင်တာက ကျွန်တော်တို့ရဲ့ စိတ်အခြေအနေတွေ ပုံမှန်လန်းဆန်းနေဖို့နဲ့ ဒီလိုအခြေအနေကနေ အောင်မြင်စွာအတူဖြတ်ကျော်နိုင်ဖို့ ကူညီပေးနိုင်ပါတယ်။ အွန်လိုင်းကနေ သာကြောင်းမာကြောင်း မေးမြန်းတာ၊ ညနေစာအတူစားတာ၊ အုပ်စုလိုက်လေ့ကျင့်ခန်းလုပ်တာနဲ့ board game ကစားတာတွေက သူငယ်ချင်းတွေ၊ မိသားစုဝင်တွေနဲ့ ဆက်သွယ်ဖို့ အကောင်းဆုံးနည်းလမ်းတွေဖြစ်ပြီး ကျွန်တော်တို့ရဲ့ အခြားသူတွေနဲ့ ဆက်ဆံရေးအပေါ်မှာ အလေးထားမှုကိုပြသရာရောက်ပါတယ်။ ထပ်တိုးပြောချင်တာကတော့ ဒီလိုလုပ်ဆောင်တာတွေက အပြုသဘောဆောင်ခြင်းကို ကျွန်တော်တို့ရဲ့ အသိုက်အဝန်းပြင်ပအထိ ပြန့်နှံ့သွားစေဖို့ အထောက်အပံ့ဖြစ်စေတယ်ဆိုတာပါပဲ။
အချို့သူတွေအနေနဲ့ကတော့ ဒါက ရိုးရှင်းတယ်လို့မြင်ပါလိမ့်မယ်။ ဒါပေမယ့် အပြုသဘောဆောင်ခြင်း၊ ခံနိုင်ရည်ရှိမှု၊ တီထွင်ကြံဆမှု နဲ့ လိုက်လျောညီထွေပြောင်းလဲလုပ်ဆောင်နိုင်မှု အစရှိတဲ့အရာတွေဟာ မွေးရာပါမဟုတ်ပါဘူး။ ဒါတွေဟာ ကိုယ့်ရဲ့ အတွင်းစိတ်ထဲကနေ အချိန်နဲ့အမျှ သေချာစဉ်းစားတာ၊ သင်ယူတာ၊ တိုးတက်အောင်လုပ်ဆောင်တာနဲ့သေချာပိုင်နိုင်အောင်လုပ်ဆောင်ရမယ့်အရာတွေပါပဲ။ တစ်ကယ်တော့ ဒီအရာတွေက ကျွန်တော်တို့ ဖြစ်တည်မှုရဲ့ အင်မတန်အရေးပါတဲ့ အုတ်မြစ်တွေပါပဲ။ ချားလ်စ်ဒါဝင် က ကဗျာဆန်ဆန်ရေးထားခဲ့တာရှိပါတယ်။
“ရှည်လျားလှတဲ့ လူသားတွေရဲ့သမိုင်းကြောင်းမှာ (တိရိစ္ဆာန်တွေအပါအဝင်) အထိရောက်ဆုံး ပူးပေါင်းလုပ်ဆောင်တတ်သူတွေနဲ့ တီထွင်ကြံဆတတ်သူတွေသာ အောင်နိုင်မှာ” လုံလုံခြုံခြုံနေပါ၊ ခံနိုင်ရည်ရှိပါစေ၊ တစ်ချိန်မှာ ငါတို့ပြန်ပြီးအောင်နိုင်ပါလိမ့်မယ်။
Mr Mycroft
Head of KS5
PE Teacher (Primary & Secondary)