Covid-19 ကပ်ရောဂါကြောင့်ထိခိုက်နစ်နာရတဲ့လုပ်ငန်းတွေထဲမှာ လယ်ယာလုပ်ငန်းလည်းပါဝင်ပါတယ်။ မြန်မာနိုင်ငံကတောင်သူလယ်သမားတွေနဲ့ချိတ်ဆက်ပြီးအလုပ်လုပ်နေတဲ့ OrganicValley ကမကြေးမုံလွင်နဲ့ လယ်ယာလုပ်ငန်းအခြေအနေအကြောင်းစကားပြောဖြစ်ခဲ့ပါတယ်။

၂၀၁၈ခုနှစ် မေလ ၂၀ရက်နေ့မှစတင်ခဲ့တဲ့ OrganicValley ဟာ ဓာတုဆေးဝါးနဲ့ဓာတ်မြေသြဇာတွေမသုံးဘဲ စိုက်ပျိုးထားတဲ့သီးနှံတွေကိုနယ်အသီးသီးကစိုက်ပျိုးရေးသမားတွေနဲ့ချိတ်ဆက်ပြီး ရန်ကုန်ကစားသောက်ဆိုင်နဲ့ ဟိုတယ်တွေဆီဖြန့်ချီနေခဲ့တာပါ။ ယခင်ကဆိုရင် ရုံးပိတ်ရက်တွေမှာခြံထွက်ပစ္စည်းတွေလက်လီရောင်းချတဲ့ တောင်သူလယ်သမားဈေး (Farmers’ Market) ကိုပုံမှန်ကျင်းပလေ့ရှိပါတယ်။ Covid-19 ဖြစ်ပြီးနောက် ဒီဈေးလေးမလုပ်ဖြစ်တာလည်း လအတော်ကြာခဲ့ပါပြီ။
OrganicValley တည်ထောင်ဖြစ်ခဲ့ပုံနဲ့ပတ်သက်ပြီး “ရန်ကုန်မှာကျမလိုချင်တဲ့အော်ဂဲနစ်သီးနှံတွေကိုရှာရခက်တော့ ဒီအသီးအနှံတွေပဲသီးသန့်ရောင်းတဲ့လုပ်ငန်းလုပ်ဖို့စိတ်ကူးရလာတာပါ” လို့မကြေးကပြောတယ်။
လုပ်ငန်းစတင်ချိန်က ရှမ်းပြည်နယ်နဲ့ ပြင်ဦးလွင်ကထွက်ကုန်တွေကိုပဲရောင်းချခဲ့ပြီး နောက်ပိုင်းမှာတော့ တခြားဒေသတွေကကုန်ကြမ်းပစ္စည်းတွေနဲ့တန်ဖိုးမြှင့်ထုတ်ကုန်တွေပြုလုပ်ရောင်းချခဲ့တယ်။ ဒီအထဲမှာ ရခိုင်ပြည်နယ် မြောက်ဦးမြို့ကဓနိရည်နဲ့လုပ်တဲ့ ဓနိသကာရည်၊ အင်းလေးကကန်စွန်းဥနဲ့လုပ်တဲ့ဟင်းခတ်မှုန့်၊ ဆေးဘက်ဝင်အပင်တွေနဲ့ဖော်စပ်ထားတဲ့ရေနွေးကြမ်းတွေလည်းပါဝင်ပါတယ်။

“တကယ်တော့ဒီပစ္စည်းတွေကအရင်ကတည်းကရောင်းဝယ်နေကြတာပါ။ ဒါပေမယ့်ဈေးကွက်ထဲမှာ ကျယ်ကျယ်ပြန့်ပြန့်မိတ်ဆက်ရောင်းချတာမျိုးမရှိသေးဘူး။ OrganicValley အနေနဲ့ဒီပစ္စည်းတွေကိုပြည်သူတွေနဲ့ရင်းနှီးမှုရစေဖို့မိတ်ဆက်ပေးလိုက်တဲ့သဘောပါပဲ” လို့ မကြေးကပြောပါတယ်။
အခုဆိုရင်မြန်မာပြည်သူတွေအနေနဲ့ပြည်တွင်းကထုတ်လုပ်တဲ့အသီးတွေနဲ့ပဲပြုလုပ်ထားတဲ့ယိုကို OrganicValley ကနေဝယ်ယူနိုင်ပါပြီ။ ရွေးချယ်စရာအရသာ ၅မျိုးခန့်ရှိပြီး ပေါင်မုန့်နဲ့ပဲစားစား ဘီစကစ်နဲ့ပဲစားစား အဆင်ပြေပါတယ်။ ပြီးတော့ကျန်းမာရေးလိုက်စားသူတွေအတွက်ရည်ရွယ်ပြီး အချိုမထည့်ထားတဲ့ဒိန်ချဉ်ကိုလည်းထုတ်လုပ်ထားတယ်။
Covid-19 ကြောင့်ဖြစ်ပေါ်လာတဲ့စိန်ခေါ်မှုတွေကနေအခွင့်အလမ်းကောင်းတွေဖြစ်လာနိုင်တယ်ဆိုတာကို OrganicValley ရဲ့သနပ်ထုတ်ကုန်တွေကိုကြည့်ရင်သိနိုင်တယ်။ ကပ်ရောဂါကြီးဖြစ်တော့ လမ်းပန်းဆက်သွယ်ရေးအခက်အခဲတွေကြောင့် သီးနှံတွေအများကြီးမရောင်းရဘဲပုံနေတဲ့အခါ မပုပ်သိုးသွားစေဖို့ရှာလကာရည်နဲ့စိမ်ထားရာကနေ အရသာထူးကဲတဲ့သနပ်တွေရရှိပါတယ်။ အော်ဂဲနစ်သခွားသီးကိုရှာလကာရည်စိမ်ပြီးပြုလုပ်ထားတဲ့သနပ်ဟာစားသုံးသူတွေနှစ်သက်ခဲ့ကြပါတယ်။
“Covid-19 ကကျမကိုသင်ခန်းစာတွေအများကြီးပေးတယ်။ ကျမတို့ပြည်တွင်းထုတ်ကုန်တွေအပေါ် ဒီထက်ပိုပြီးစားသုံးဖို့လိုတယ်။ အထူးသဖြင့်အခုလိုနိုင်ငံခြားနဲ့ကုန်သွယ်လို့မရတဲ့အချိန်မျိုးမှာပေါ့။ နိုင်ငံခြားကတင်သွင်းတဲ့အသီးအနှံတွေကိုစားမယ့်အစား ကိုယ့်နိုင်ငံထဲမှာပဲသဘာဝအတိုင်းစိုက်ပျိုးထားတဲ့ ဟင်းသီးဟင်းရွက်၊ အသီးအနံှတွေကိုအားပေးမယ်ဆိုရင်နိုင်ငံ့စီးပွားရေးကိုလည်းတဘက်တလမ်းကအားပေးရာ ရောက်ပါတယ်။ နောက်တချက်ကတော့စားသုံးသူတွေအတွက်အကျိုးရှိမယ့်နည်းလမ်းသစ်တွေရှာဖွေဖို့ပါ။ အခက်အခဲတွေကြောင့်စိတ်ဓာတ်ကျနေမယ့်အစားဘယ်လိုဖြေရှင်းမလဲဆိုတာကိုသာစဉ်းစားသင့်ပါတယ်။”
ဒီလအတွင်းမှာပဲ ဓနိသကာရည်ကိုစတင်ဖြန့်ဖြူးဖို့ရှိကြောင်းပြောပါတယ်။ သူ့ကိုဒိန်ချဉ်နဲ့ရောစပ်သောက်သုံးနိုင်သလို ပေါင်မုန့်၊ ဘီစကစ်တွေနဲ့လည်းတို့စားနိုင်ပါသေးတယ်။
တောင်သူလယ်သမားဈေးမလုပ်ဖြစ်သေးပေမယ့် OrganicValley ရဲ့ Facebook ကနေကိုယ်နှစ်သက်တဲ့ကုန်ပစ္စည်းတွေကို တရက်ကြိုပြီး delivery မှာပေးမယ်ဆိုရင် အိမ်တိုင်ရာရောက်ပို့ဆောင်ပေးသွားမှာပါ။
Facebook: OrganicValley
Tel: 09 761 066 802
ဆုမြတ်လင်းနိုင်ရေးသားသော Organic Valley: Providing fresh fruits and vegetables for a better lifestyle and supporting farmers အားမြန်မာဘာသာပြန်ဆိုဖော်ပြအပ်ပါသည်။