“အဝတ်အစားဒီဇိုင်းတွေဆွဲရတာ၊ လိုက်ဖက်မယ့်အထည်တွေကိုရွေးချယ်ရတာကျမရဲ့ဝါသနာတခုဖြစ်လာပါပြီ။ ပြည်တွင်းကလက်မှုပညာရှင်တွေကိုလည်းကူညီချင်တာနဲ့ Lilla ကိုစတင်တည်ထောင်ဖြစ်ခဲ့ပါတယ်။”
အခုလိုပြောလာသူကတော့ Lilla အမှတ်တံဆိပ်ရဲ့ပဲ့ကိုင်ရှင် Julie ဖြစ်ပါတယ်။ ပြင်သစ်နဲ့ဆွီဒင်နွယ်ဖွား Julie ဟာ ၂၀၁၆ခုနှစ်က အာရှတခွင်ခရီးထွက်ရင်းမြန်မာနိုင်ငံကိုရောက်လာသူပါ။

“မြန်မာနိုင်ငံကိုရောက်ရောက်ချင်းပဲ ဒီနိုင်ငံကိုချစ်မိသွားတာနဲ့ ဒီမှာပဲနေဖို့ဆုံးဖြတ်လိုက်ပါတယ်။ လက်မှုလုပ်ငန်းနဲ့ဆိုင်တဲ့အလုပ်တွေလုပ်နေတုန်း လက်ရက်ထည်တွေကိုလေ့လာမိရာကနေ ရိုးရာအထည်အလိပ်တွေကိုစိတ်ဝင်စားလာတာပါ” လို့ပြောပြပါတယ်။
သူမြန်မာနိုင်ငံကိုရောက်ခါစကိုလုံချည်ချုပ်ဖို့အထည်တွေဝယ်ရင်း သူနေတဲ့လမ်းထဲကအင်္ကျီချုပ်ဆိုင်ပိုင်ရှင်နဲ့ သိကျွမ်းခဲ့တယ်။ သူ့ဆီမှာအင်္ကျီတွေအပ်ရင်းမြန်မာဝတ်စုံတွေစဝတ်ဖြစ်ခဲ့ပါတယ်။
“ကျမမြန်မာဝတ်စုံတွေဝတ်တာတွေ့ရဖန်များတော့ သူငယ်ချင်းတွေကဘယ်ကဝယ်တာလဲလို့မေးလာကြတယ်။ အဲ့ဒီကနေတဆင့် Lilla ကိုစတင်ဖို့စိတ်ကူးရခဲ့တာ။လက်မှုပညာရှင်တွေကိုလည်းတဘက်တလမ်းက ကူညီပေးနိုင်မယ်ပေါ့။”
Julie ဟာမြန်မာနိုင်ငံကိုမရောက်ခင်က အထည်အလိပ်လုပ်ငန်းအကြောင်းသိပ်စိတ်မဝင်စားသေးပါဘူး။ ဒါပေမယ့် ၂၀၁၆လောက်မှာချင်းပြည်နယ်ကိုသွားလည်ရင်း အနီရောင်ဖလမ်းထည်တွေကိုတွေ့ခဲ့ပါတယ်။

“ချင်းရိုးရာအဝတ်အထည်ဒီဇိုင်းတွေကိုကျမအရမ်းသဘောကျမိတယ်။ အဲ့ဒီနောက်တော့ မိတ်ဆွေတယောက်ကမိတ်ဆက်ပေးလို့ ဗိုလ်ချုပ်ဈေးထဲက ရိုးရာမေအထည်ဆိုင်ပိုင်ရှင်ဒေါ်ခွန်ရွှေနဲ့ ရင်းနှီးခွင့်ရခဲ့တယ်။ သူကနေတဆင့်မြန်မာ့ရိုးရာအထည်အလိပ်လုပ်ငန်းအကြောင်းသိရပြီး စိတ်ဝင်စားလာတာပါ။”
Lilla ဟာမြန်မာနိုင်ငံအလယ်ပိုင်းဒေသကထွက်တဲ့ချည်တွေကို အမရပူရမြို့မှာသဘာဝဆေးဆိုးပြီးရလာတဲ့ အထည်အလိပ်တွေကိုသာအသုံးပြုပါတယ်။ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်မြောက်ပိုင်း၊ အင်းလေး အစရှိတဲ့ဒေသတွေမှာဝတ်လေ့ရှိတဲ့ချင်းရိုးရာအထည်ဒီဇိုင်းတွေကိုအဓိကထုတ်လုပ်ပါတယ်။
အဝတ်အထည်ချုပ်လုပ်ပုံနဲ့ပတ်သက်တဲ့နည်းအမျိုးမျိုးအကြောင်းလည်းပြောပြပါသေးတယ်။ ချင်းတောင်ပိုင်းနဲ့ ရခိုင်မြောက်ပိုင်းတွေကအထည်တွေမှာအဆင်တွေကိုတဘက်လှရက်လုပ်ပြီး ဖလမ်း၊ ဟားခါးစတဲ့ဒေသတွေမှာတော့ နှစ်ဘက်လှရက်လုပ်လေ့ရှိတယ်။
လက်ချုပ်ထည်တွေကိုရခိုင်မြောက်ပိုင်းနဲ့ ချင်းပြည်နယ်ကဒေသခံအမျိုးသမီးတွေကအဓိကချုပ်ပြီး ရက်ကန်းထည်တွေကတော့ မြစ်ကြီးနား၊ အမရပူရနဲ့ အင်းလေးတဝိုက်ကရုံတွေမှာချုပ်ပါတယ်။

Lilla မှာ dress တွေအပြင် jacket၊ jumpsuit၊ အင်္ကျီနဲ့ ဘောင်းဘီတွေကိုပါရနိုင်ပြီး အမျိုးသားဝတ်ရှပ်အင်္ကျီတွေလည်းရှိပါတယ်။ ဈေးနှုန်းအားဖြင့် ရက်ကန်းထည်တွေဆို ၂၅၀၀၀ ကနေ ၁၀၀၀၀၀ အထိရှိပြီး လက်နဲ့ချုပ်ပြီး သဘာဝဆေးဆိုးထားတဲ့ အထည်တွေဆို ၁၅၀၀၀၀ ကနေ ၃၀၀၀၀၀ အထိသတ်မှတ်ထားတယ်။ အထည်ဆိုင်ကို Turquoise Mountain မှာဖွင့်ထားပြီး Facebook page ကလည်းမှာလို့ရပါတယ်။
“Lilla အမှတ်တံဆိပ်အဝတ်တွေကိုရေနွေးမသုံးဘဲ ရိုးရိုးရေနဲ့ပဲလျှော်ပါ။ အစွန်းချွတ်ဆေးမသုံးသင့်ပါဘူး။ နေရောင်တိုက်ရိုက်မထိတဲ့နေရာမှာပဲလှမ်းသင့်ပါတယ်။ မဟုတ်ရင်နေရောင်ကြောင့်အရောင်ကျတတ်လို့ပါ။”
Covid-19 ဟာ Lilla အပေါ်မှာလည်းသက်ရောက်မှုရှိခဲ့ပါတယ်။ ဒီအကြောင်းနဲ့ပတ်သက်ပြီး Julie ကအခုလိုပြောတယ်။
“ကျမရဲ့ဖောက်သည်တွေကနိုင်ငံခြားသားတွေများတော့ သူတို့မိခင်နိုင်ငံတွေဆီပြန်သွားတဲ့အခါ နည်းနည်းတော့အခက်အခဲဖြစ်တာပေါ့နော်။ Lilla အဝတ်အထည်တွေကိုတင်ထားတဲ့ဆိုင်တွေကလည်း ပိတ်ကုန်တယ်လေ။ ကျမတို့ရဲ့ပညာရှင်တွေအနေနဲ့လည်းအိမ်မှာပဲအလုပ်လုပ်ရပြီး ဆိုင်ကိုမလာနိုင်ကြတော့ဘူး။ အခုတော့တဖြည်းဖြည်းပြန်အဆင်ပြေလာပါပြီ။”

Julie ဟာ Lilla ကိုစတင်တည်ထောင်ချိန်ကစပြီး ဖက်ရှင်လောကနဲ့ အဝတ်အထည်လုပ်ငန်းအကြောင်း အတွေ့အကြုံတွေအများကြီးရခဲ့တယ်လို့ဆိုပါတယ်။
“အဝတ်အစားဝယ်ဖို့စဉ်းစားနေတဲ့သူတွေကို ကျမအမြဲအကြံပေးလေ့ရှိတာက ဒီအဝတ်ကိုငါတကယ်လိုအပ်လား၊ ခဏပဲဝတ်မှာလား၊ အကြာကြီးဝတ်ဖို့စဉ်းစားထားလား၊ ဘယ်လိုနည်းလမ်းတွေနဲ့ထုက်လုပ်ထားတာလဲ၊ ဒီအဝတ်ကိုဝယ်လိုက်ခြင်းဖြင့်ဘယ်သူတွေကိုအကျိုးပြုနိုင်လဲ ကိုယ့်ကိုယ်ကိုယ်ပြန်မေးပါဆိုတာပါပဲ။”
Lilla အမှတ်တံဆိပ်အဝတ်အထည်တွေကို ပန်းဆိုးတန်းအောက်လမ်းက Hla Day နဲ့ ရန်ရှင်းလမ်းပေါ်က Commune Wear တို့မှာဝယ်ယူနိုင်ပါတယ်။
ဆုမြတ်လင်းနိုင်ရေးသားသော Lilla – Presenting Unique Creations of Myanmar Traditional Textiles အားဘာသာပြန်ဆိုဖော်ပြအပ်ပါသည်။