BBC ရုပ်သံမှာ ၂၀၁၃ ခုနှစ်ကတည်းကထုတ်လွှင့်ခဲ့တဲ့ တီဗီဇာတ်လမ်းတွဲ The Fall ဟာ ဒီလမှ Netflix ပေါ်ရောက်လာတာပါ။
Psychological thriller နဲ့စုံထောက်ဇာတ်လမ်းဖြစ်ပြီး စထွက်ထွက်ချင်းတုန်းကလည်း UK မှာအောင်မြင်ခဲ့ပေမယ့် Netflix ကြောင့်တကမ္ဘာလုံးအတိုင်းအတာနဲ့ လူသိများသွားတယ်ဆိုရမယ်။
ဒီကားထဲမှာ 50 Shades of Grey နဲ့နာမည်ကြီးလာခဲ့တဲ့ Jamie Dornan ကစိတ္တဇလူသတ်သမား Paul Spector အဖြစ်သရုပ်ဆောင်ထားပြီး X-Files ကတည်းက ကျနော်တို့ကြွေခဲ့ရတဲ့မမ Gillian Anderson ကစုံထောက် Stella Gibson အဖြစ်ပါဝင်ထားတယ်။
Dornan ကလိင်ပိုင်းဆိုင်ရာနိုင်ထက်စီးနင်းပြုတတ်သူဇာတ်ရုပ်နဲ့ပဲ လိုက်ဖက်သလားတော့မသိဘူး။ ဒီဇာတ်လမ်းတွဲမှာ အမျိုးသမီးငယ်တွေကိုလည်ပင်းညှစ်သတ်ပြီး အလောင်းကောင်ကိုဝတ်လစ်စလစ်ချွတ် အလှဓာတ်ပုံရိုက်တတ်တဲ့သူအဖြစ်သရုပ်ဆောင်ထားတယ်။ ဒီဇာတ်လမ်းတွဲရိုက်ပြီးမကြာဘူး၊ 50 Shades မှာသရုပ်ဆောင်ရတော့တာပဲ။
သူ့ဇာတ်ကောင် Paul ဟာညအခါမှာ sexual predator တယောက်ဖြစ်ပေမယ့် နေ့ဘက်ဆိုရင်တော့ အရမ်းနှစ်လိုဖွယ်ရာကောင်းတဲ့အိမ်ထောင်သည်ဖခင်တယောက်ဖြစ်နေတယ်။ အဖြစ်ဆိုးတခုခုနဲ့ရင်ဆိုင်ရလို့ စိတ်ဒုက္ခရောက်နေတဲ့သူတွေကိုဆွေးနွေးတိုင်ပင်ပေးရတဲ့အလုပ်လုပ်တယ်။ Psychopath တွေဟာအပြင်ပန်းကြည့်ရင် အေးဆေးပြီးခင်မင်စရာကောင်းသူတွေဖြစ်နေတတ်တယ်ဆိုတဲ့အကြောင်း သူကဇာတ်ရုပ် ၂မျိုးနဲ့သရုပ်ဆောင်သွားပါတယ်။
Anderson ရဲ့ဇာတ်ကောင် Stella ကတော့အမျိုးသမီးဝါဒီတယောက်၊ အတွေ့အကြုံရင့်ပြီး ထက်မြတ်တဲ့စုံထောက်တယောက်ပေါ့။ ဒါပေမယ့်သူ့မှာလည်း ပုဂိုလ်ရေးပြဿနာတွေရှိသေးတယ်။ သူ့စိတ်သဘောထားက antisocial အဆင့်အထိမရောက်ပေမယ့် အမျိုးသားတွေရဲ့ခံစားချက်ကိုမစာနာတဲ့သူ၊ မသိစိတ်ကယောကျ်ားတွေကိုအထင်သေးသူအဖြစ် ခပ်ပါးပါးလေးပြသွားတာသဘောကျစရာပဲ။
ဇာတ်လမ်းကတော့သူတို့ ၂ယောက်ရဲ့ကြောင်နဲ့ကြွက်လိုဉာဏ်ကစားတဲ့ဇာတ်လမ်း။ ကျန်တဲ့သရုပ်ဆောင်တွေက သူတို့ ၂ယောက်ရဲ့ဇာတ်ရုပ်ထင်ရှားလာဖို့အားဖြည့်ပေးရုံပါပဲ။
မြောက်ပိုင်းအိုင်ယာလန်ရဲ့ မြို့တော် Belfast မှာဇာတ်အိမ်တည်ထားပြီး social commentary အဖြစ် မိန်းမတွေကိုခွဲခြားဆက်ဆံခြင်း၊ လိင်ပိုင်းဆိုင်ရာအစော်ကားခံရတဲ့အမျိုးသမီးတွေအပေါ် မီဒီယာရဲ့သဘောထား၊ စိတ်ဝေဒနာရှင်တွေရဲ့အတွေးအမြင်၊ လူတယောက်အပေါ်ကလေးဘဝစိတ်ဒဏ်ရာတွေရဲ့ သက်ရောက်မှု စတာတွေကိုကြည့်ရဦးမှာပါ။
ဇာတ်ရှိန်တက်တာသိပ်မမြန်ဘူး။ ကြည့်နေတဲ့သူကို ဖြည်းဖြည်းလေးပဲဆွဲခေါ်သွားတယ်။ အဓိကဇာတ်ကောင် ၂ယောက်ရဲ့ဒဿနပိုင်းဆိုင်ရာအားပြိုင်မှုတွေကိုလည်းထည့်ရိုက်ပြထားတယ်။ ဒီစကားပြောခန်းတွေကတော့ တချို့တွေအတွက်ပျင်းစရာကောင်းနေမယ်ထင်တယ်။
Season ၃ခုရှိပြီး တခုမှာ တနာရီစာအပိုင်း ၆ပိုင်းစီပါတယ်။ ၃ခုလုံးကောင်းပေမယ့် ကျနော်ကတော့ Season 2 မှာဇာတ်ရှိန်အမြင့်ဆုံးလို့ထင်တာပဲ။
ဘာပဲပြောပြောစုံထောက်ဇာတ်လမ်းနဲ့နဲ့စိတ္တဇဆန်ဆန်ဇာတ်ကောင်တွေကိုကြိုက်တဲ့သူတွေကတော့ သဘောကျမှာပါ။
MM+ Rating: 7/10