The Haunting of Hill House ထွက်တာ ၂နှစ်အကြာမှာ ဒုတိယဇာတ်လမ်းတွဲ Bly Manor ကိုသောကြာနေ့ကစပြီး Netflix မှာကြည့်နိုင်ပါပြီ။ Hill House တုန်းကဝေဖန်ရေးဆရာတွေကော ပရိသတ်တွေကော အားလုံးလိုလိုအကြိုက်တွေ့ခဲ့ကြပေမယ့် Bly Manor နဲ့ပတ်သက်တဲ့အမြင်တွေကတော့ အကောင်းအဆိုးရောနေပါတယ်။
ကျနော်ကိုယ်တိုင်ကလည်း Hill House ကိုတော်တော်ကြိုက်ခဲ့တော့ Bly Manor ကိုအရမ်းမျှော်လင့်ထားခဲ့တာပါ။ ဒါပေမယ့်ဇာတ်လမ်းတဝက်လောက်အရောက်မှာတော့ မျှော်လင့်ထားသလောက်ဆွဲဆောင်မှုမရှိမှန်းသတိထားမိလာတယ်။ Bly Manor က Hill House ကိုမီဖို့နေနေသာသာ တပိုင်းပြီးတပိုင်းဆက်ကြည့်ချင်စိတ်ပေါ်လာအောင်မနည်းဆွဲဆောင်နေရပါတယ်။
အခုဆောင်းပါးမှာ Bly Manor နဲ့ပတ်သက်ပြီးကျနော်မြင်သလောက်ဆွေးနွေးထားတယ်။ SPOILER ပါတာမို့ ကြည့်ပြီးမှဖတ်ပါလို့တိုက်တွန်းပါတယ်။
၁၉၉၀ ဝန်းကျင်က အင်္ဂလန်နိုင်ငံကိုဇာတ်အိမ်တည်ထားပြီး Victoria Pedretti ရဲ့ဇာတ်ကောင် Dani ဟာ Bly Manor စံအိမ်ကြီးမှာနေတဲ့မောင်နှမ ၂ယောက်ကို ထိန်းရင်းစာသင်ပေးရတဲ့အလုပ်လုပ်ဖို့သွားရာကနေ အိမ်ထဲကမကျွတ်မလွတ်သေးတဲ့တစ္ဆေတွေနဲ့ ကြုံတွေ့ရတဲ့အကြောင်းကိုပြထားတယ်။ ဇာတ်လမ်းကိုအမျိုးသမီးတယောက်က ပုံပြင်တပုဒ်လိုပြန်ပြောပြတဲ့ပုံစံနဲ့ရိုက်ကူထားပါတယ်။
အရှေ့ပိုင်း episode ၄ခုလောက်အထိ စိတ်ဝင်စားစရာဇာတ်လမ်းဇာတ်ကွက်မတွေ့ရဘဲ စံအိမ်ကြီးထဲကလူတွေရဲ့တနေ့တာဖြတ်သန်းမှုတွေရိုက်ပြရင်း အချိန်ကုန်နေတယ်။
သရဲတစ္ဆေဇာတ်လမ်းဆိုပေမယ့် ကြောက်စရာပြကွက်တော်တော်နည်းတယ်။ Hill House ကော Bly Manor ကော jumpscare တွေကိုသိပ်အားမကိုးတာချင်းတူပေမယ့် Hill House ကခြောက်ခြားအောင်ရိုက်ပြတတ်တယ်။ Bly Manor ကတော့အမှောင်ထဲအကောင်အထည်လေးမြင်ရရုံ၊ မှန်ထဲမှာအရိပ်မြင်ရရုံလောက်နဲ့တင်ပြီးသွားတာမို့ သရဲကားကြည့်နေကျသူတယောက်အတွက် ဘယ်လိုမှစိတ်လှုပ်ရှားစရာမကောင်းပါဘူး။
ဒီဇာတ်လမ်းမှာအဓိကပြောချင်တာက အတိတ်ကအမှားတခုခုအတွက် အပြစ်မကင်းသလိုခံစားရတဲ့စိတ်အကြောင်းဖြစ်ပေမယ့် ဇာတ်ကောင်စရိုက်တည်ဆောက်မှုအားနည်းတာကြောင့် မပီပြင်လှဘူး။ အဓိကဇာတ်ကောင် Dani ဟာသူ့ငယ်သူငယ်ချင်းလည်းဖြစ် သတို့သားလောင်းလည်းဖြစ်တဲ့ Edmund သေသွားရတာသူ့ကြောင့်လို့ယူဆပြီး စိတ်သောကရောက်နေရသူပါ။
ဒါပေမယ့် သူတို့ ၂ယောက်ကြားကသံယောဇဉ်နဲ့ရင်းနှီးမှုကိုပီပြင်အောင်ရိုက်မပြနိုင်ဘဲ Edmund ရဲ့အမေလုပ်သူက Dani ကိုအရမ်းခင်တွယ်နေလို့သာ Dani ကအားနာပြီးအလိုက်သင့်ဆက်ဆံနေရသလိုပုံစံဖြစ်နေတယ်။ သူနဲ့ Edmund ရဲ့ဆက်ဆံရေးကိုတောင် ၃-၄ခန်းလောက်ပဲပြပြီး ပြီးသွားတာပါ။
ဇာတ်လမ်းကတဝက်လောက်အထိငြိမ်နေပြီး Episode 5 ရောက်မှဇာတ်ရှိန်တက်လာတယ်။ ဇာတ်လမ်းတခုလုံးကသရဲတစ္ဆေဇာတ်လမ်းဆိုတာထက် Rebecca နဲ့ Peter ၊ Jamie နဲ့ Dani ၊ Hannah နဲ့ Owen တို့ကြားကအချစ်ဇာတ်လမ်းကအဓိကဖြစ်သွားပါတယ်။
အဆုံးသတ်ကတော့ပရိသတ်တွေကိုစိတ်မကောင်းဖြစ်အောင်လုပ်ဖို့ ဇာတ်မနာနာအောင်ဆင်ထားသလို ခံစားရတယ်။ အိမ်ကြီးရှင်တစ္ဆေမ Viola အနေနဲ့ Dani ကိုသေစေချင်တယ်ဆိုရင် အဲ့ဒီနေ့ညမှာကတည်းက Dani ကိုဝင်ပူးရင်း ရေကန်ထဲဆင်းသွားလို့ရပေမယ့် ဘာလို့ ၁၀နှစ်လောက်လွှတ်ပေးပြီးမှပြန်ပေါ်လာသလဲလို့ တွေးမိပါတယ်။
သရုပ်ဆောင်တွေမှာလည်း Pedretti ကအလကားနေရင်း jumpy ဖြစ်နေပြီး၊ Hill House ကသရုပ်ဆောင်မှုကိုမမီဘူး။ T’Nia Miller (Hannah Grose)၊ Oliver Jackson-Cohen (Peter Quint) နဲ့ Tahirah Sharif (Rebecca Jessel) တို့ကတော့ဇာတ်ပို့နေရာကနေအကောင်းဆုံးသရုပ်ဆောင်သွားနိုင်တယ်။ ကျန်တဲ့သူတွေကတော့သိပ်လုပ်ကွက်မရပါဘူး။
ဇာတ်ရှိန်အတက်နှေးတာ၊ ဇာတ်ကောင်နဲ့ဇာတ်လမ်းပိုင်းတည်ဆောက်မှုအားနည်းတာ၊ scary မဖြစ်ဘဲ soapy ဖြစ်လွန်းတာတွေကြောင့် Bly Manor ကို Hill House နဲ့နှိုင်းယှဉ်ဖို့မပြောနဲ့ဦး၊ သူ့ချည်းသက်သက်အကဲဖြတ်ကြည့်ရင်တောင် မဆိုးပါဘူးလို့ပြောလု့ိရရုံအဆင့်ပဲရှိပါတယ်။
MM+ Rating: 6/10