မွန်ပြည်နယ်သည် ရေ၊ မြေ၊ တော၊ တောင် သဘာဝအလှအပများ၊ သမိုင်းဝင် အထင်ကရနေရာများ၊ သာယာရှုမောဖွယ် ကမ်းခြေအလှများ ပိုင်ဆိုင်ထားသည့် ပြည်နယ်တစ်ခုဖြစ်သည်။ မွန်ပြည်နယ်သည် ကရင်ပြည်နယ်ကဲ့သို့ ထိုင်းနိုင်ငံ ကန်ချနာဘူရီတို့နှင့် နယ်နိမိတ်ခြင်း ထိစပ်နေသည်ဖြစ်ရာ မွန်ပြည်နယ်၏ မြို့များဖြစ်သည့် ကျိုက်ထို၊ မော်လမြိုင်၊ မုဒုံ၊ သံဖြူဇရပ်၊ ကျိုက်မရော၊ ရေး၊ ပေါင်၊ ချောင်းဆုံ၊ သထုံ၊ ဘီးလင်းမြို့နယ်များရှိ အထင်ကရ နေရာများသို့ ပြည်တွင်း၊ ပြည်ပ ခရီးသွားဧည့်သည်များ နှစ်စဉ် အများအပြား လာရောက်လည်ပတ်လေ့ရှိကြသည်။
မော်လမြိုင်
မွန်ပြည်နယ်၏မြို့တော် မော်လမြိုင်မြို့တွင် အကြီးဆုံးစေတီဖြစ်သည့် မော်လမြိုင်မြို့၏ ကျက်သရေဆောင် ကျိုက်သလ္လံစေတီတော်ကို ဖူးမြင်နိုင်မည် ဖြစ်သည်။ တောင်ပေါ်တွင် တည်ထားသည့် ဦးဇိနဘုရား၊ ထူးခြားသည့် သမိုင်းကြောင်း များရှိခဲ့သည့် ပန်းရံပျံဘုရား၊ သဘာဝအလှ အပများဖြင့် စုစည်းထားသည့် သဘာဝထုံး ကျောက်လိုဏ်ဂူ၊ ခရုံဂူ စသည့် နေရာများကလည်း စိတ်ဝင်စားဖွယ်ကောင်း သည်။ မော်လမြိုင်မြို့မှာပင် ရှေးမြန်မာမင်းများ ခေါင်းဆေးမင်္ဂလာပြုရာ သမိုင်းဝင် ခေါင်းဆေး ကျွန်းနှင့် နတ်ရေတွင်း၊ သမိုင်းကြောင်းအရ၊ ယဉ်ကျေးမှု လက်ရာ အရ၊ အနု ပညာလက်ရာအရ တန်ဖိုးရှိသော နှစ် ၁၀၀ အထက် သက်တမ်းရှိ ဘုန်းတော် ကြီးကျောင်းများ၊ ခရစ်ယာန်ဘုရားရှိခိုး ကျောင်းများ၊ မွန်လူမျိုး ဦးနာအောက် တည်ထားသည့် ကတိုးကော့နှပ် ကျေးရွာရှိ ဘုရားနှင့် အနုပညာလက်ရာများကို သွားရောက်ကြည့်ရှု လေ့လာလည်ပတ်နိုင်မည်ဖြစ်သည်။ မွန်ပြတိုက်သို့ သွားရောက်ကာ မွန်လူမျိုးတို့၏ ရိုးရာဓလေ့၊ ဝတ်စားဆင်ယင်မှုနှင့် သမိုင်းကြောင်း မွန်တူရိယာပစ္စည်းများကို မော်လမြိုင်မြို့ရှိ မွန်ယဉ်ကျေးမှုပြတိုက်တွင် လေ့လာနိုင်သည်။
ကျိုက်ထို
ကျိုက်ထိုမြို့ကို ရန်ကုန်မြို့မှ နေ့ချင်းပြန် သွားရောက်နိုင်ပြီး ကျိုက်ထီးရိုးဘုရားကြောင့် ထင်ရှားကျော်ကြားသည်။ ကျိုက်ထီးရိုးဘုရားသည် ပြည်တွင်းပြည်ပခရီးသွားအများဆုံး ဝင်ရောက်သည့် နေရာဖြစ်သည်။ ကျိုက်ထီးရိုးဘုရားသည် ကျိုက်ထိုမြို့ရှိ ပေပေါင်း ၃၆၁၅ ပေအမြင့်ရှိ ပေါင်းလောင်းတောင်ပေါ်တွင် ထူးခြားအံ့ဩဖွယ် ရာ တည်ရှိသည်။ သမိုင်းဝင် ဆံတော်ရှင် ကျိုက်ထီးရိုးစေတီသို့ ဘုရားဖူးများအနေဖြင့် ခြေကျင်၊ တောင်တက်ကား၊ ကေဘယ်လ်ကားဖြင့်လည်းကောင်း ဖူးမြော်နိုင်သည်။ ထို့အပြင် နာမည်ကျော် ကျီးကန်းပါးစပ်အပါအဝင် စေတီ ပုထိုးများကိုပါ ဖူးမြော်ကြည်ညို နိုင်မည်ဖြစ်သည်။ ထိုမှတစ်ဖန် ကျိုက်ထီးရိုးတောင်ခြေ ကင်မွန်းစခန်းမှ ရှစ်မိုင်ခန့်အကွာတွင် တည်ရှိသည့် ဆောင်နိုင်ကြီး ရေတံခွန်သို့လည်း သွားရောက်လည်ပတ်နိုင်သည်။ ကျိုက်ထိုမြို့ပေါ်မှာပင် ကြီးမားလှ သည့် ထိုင်တော်မူဘုရားကြီး၊ ကျိုက်ပေါလော မှဲ့ရှင်ဘုရား၊ တွင်းတစ်ရာကျောင်းတိုက်နှင့်သမိုင်း ဝင် စစ်တောင်းတံတားဟောင်း၊ ရှေးခေတ် ကျိုက္ကသာ မြို့ဟောင်းကုန်းများသို့လည်း ခရီးဆန့် နိုင်မည်ဖြစ်သည်။
ဘီးလင်း
ဘီးလင်းမြို့သို့ ခရီးဆက်မည်ဆိုပါက ကျိုက်ထီးဆောင်းစေတီ၊ ကေလာသစေတီနှင့် မဲလံဆံတော်ရှင်စေတီ ကျောက်ပိရဟန္တာ၊ ကုသိနာရုံတို့ကို ဖူးမြင်ရမည်ဖြစ်သည်။ ဘီးလင်းမြို့နယ် ဇုတ်သုတ်ကျေးရွာအနီး ရှေးဟောင်းမွန်လူမျိုးတို့၏ ယဉ်ကျေးမှုလက်ရာဖြစ်သည့် သမိုင်းဝင် ဆင်တပ်၊ မြင်းတပ် ၊ ဂဝံတံတိုင်းခံတပ်များကို တွေ့ရမည်ဖြစ်သည်။
သထုံ
သထုံမြို့သို့ သွားရောက်လေ့လာမည် ဆိုပါက သမိုင်းဝင် ရွှေစာရံစေတီ၊ လှေကားထစ်ပေါင်း ၉၉၉ ထစ်ရှိသည့် မြသပိတ်စေတီ၊ နှီးဘုရားကြီးတို့ကို ဖူးမြင်ခွင့်ရမည်ဖြစ်သည်။ ရွှေစာရံစေတီတော်အတွင်း ကျောက်စာပြတိုက်၊ ပိဋကတ်သုံးပုံ ပေထက်အက္ခရာတင်ပြီး ထိန်းသိမ်းထားသည့် နာမည်ကျော် ဦးဘိုးသီး၏ ပိဋကတ်တိုက်ကိုလည်း လေ့လာခွင့်ရမည် ဖြစ်သည်။
ထို့ပြင် ဝင်းဖုန်းတောင်နှင့် သဘာဝဂူသို့ သွားရောက် လေ့လာနိုင်သည်။
ရေးမြို့
မော်လမြိုင်မြို့မှ မိုင် ၁၀၀ နီးပါး ဝေးကွာသော ရေးမြို့တွင် စံကားတောင်စေတီ၊ ရွှေဆံတော်စေတီ၊ ကိုရင်လေး ကျောင်းစသည့် ထင်ရှားကျော်ကြားလှသည့် စေတီပုထိုးများနှင့် ရေးမြို့၏ သမိုင်းကြောင်းကို ထင်ဟပ်စေသည့် ရှေးဟောင်းသမိုင်းဝင် ကျုံးတို့အပြင် ရေးမြို့မှ မိုင် ၂၀ အကွာတွင် တည်ရှိသည့် လှပသာယာ သော ကဗျာဝကမ်းခြေတွင်လည်း အပန်းဖြေ နိုင်သည်။
ပေါင်မြို့
ပေါင်မြို့တွင် နွားလပို့စေတီ၊ ဇင်းကျိုက်ကျေးရွာရှိ မွန်ပြည်နယ်၏ ထင်ရှား ကျော်ကြားသည့် ဇင်းကျိုက်တောင်နှင့် သဘာဝအလှအပများဖြင့် သာယာလှပနေ သည့် ဇင်းကျိုက်ရေတံခွန်၊ ကျောက်သင်္ဘော စေတီနှင့် ငှက်မျိုးစိတ်ပေါင်းများစွာကို ကြည့်ရှု လေ့လာနိုင်သည့် အလှပ်ငှက်ကြည့်စခန်းများ သို့လည်း သွားရောက်လည်ပတ်နိုင်သည်။
ကျိုက်မရောမြို့
ကျိုက်မရောမြို့သို့ ရောက်ရှိသည့်အခါ မွန်ဘုရင်မကြီး ရှင်စောပု တည်ထားကိုးကွယ်ခဲ့သော ဝတ်ကျောင်းအတွင်းရှိ ထူးခြားလှသည့် ဗုဒ္ဓရုပ်ပွားတော်၊ မွန်ကျောက်စာတို့ကို ဗဟုသုတဖြစ်ဖွယ်နှင့် ကြည်ညိုဖွယ်ရာ သွားရောက် ဖူးမြော်နိုင်သည်။ ထို့ပြင် ကျိုက်မရောမြို့နှင့် ၂၄ မိုင် အကွာတွင်ရှိသော ရေပူကျေးရွာမှ ရေပူကန်များနှင့် ဒေသခံများ၏ ထုံးလုပ်ငန်း များအပြင် ကျိုက်မရောမြို့နယ်အတွင်း တည်ရှိသည့် အကြီးဆုံး သဘာဝထုံးကျောက်တောင် ဖားဘောင်ဂူသို့လည်း သွားရောက် လေ့လာ နိုင်မည်ဖြစ်သည်။
သံဖြူဇရပ်မြို့
ကျိုက္ခမီရေလယ်ဘုရား၊ နာမည်ကျော် ကမ်းခြေ အပန်းဖြေစခန်းတစ်ခုဖြစ်သည့် စက်စဲကမ်းခြေ၊ မြန်မာ-ထိုင်း(ယိုးဒယား) မီးရထားလမ်းဖောက်လုပ်စဉ် သေဆုံးခဲ့သည့် အာရှ ချွေး တပ်သား ၃၇၇၁ ဦးကို မြှုပ်နှံထား သည့် သမိုင်းဝင် သံဖြူဇရပ် စစ်သင်္ချိုင်းနှင့် သေမင်းတမန် ရထားလမ်း၊ ဝဲကလိရေပူစမ်း အပြင် အခြားသော စိတ်ဝင်စားဖွယ်ခရီးစဉ် အများအပြားရှိနေသည့် မွန်ပြည်နယ် သံဖြူ ဇရပ်မြို့နယ်သို့လည်း သွားရောက်လည်ပတ် နိုင်သည်။
မုဒုံမြို့
မုဒုံမြို့ရှိ ကျောက်တစ်လုံးတောင်နှင့် သဘာ၀ အလှအပ ရှုခင်းများ၊ အထင်ကရ မြင်း နှစ်ကောင်ဘုရား၊ ဝင်းစိန်တောရ လျောင်းတော် မူဘုရားကြီးတို့အပြင် နာမည်ကျော် မုဒုံ စောင် ရက်လုပ်ရာ ဒေသခံတို့၏ ရိုးရာရက်ကန်း လုပ်ငန်းများကိုပါ လေ့လာနိုင်မည်ဖြစ်သည်။
ဦးဝေလင်း
Photo: Tripadvisor, Wikimedia