ဆိုပါတော့၊ မနက်ဖြန်ရုတ်တရတ်ခရီးထွက်စရာပေါ်လာတယ်၊ ခရီးဆောင်အိတ်ထဲလိုအပ်တာတွေထည့်ဖို့တညပဲအချိန်ရတော့တယ်။ ဒါမှမဟုတ်အလုပ်ကိစ္စနဲ့မကြာခဏခရီးထွက်ရလို့ လအနည်းငယ်ကြာလို့ခရီးဆောင်အိတ်ကိုပြင်လိုက်ထုတ်လိုက်လုပ်နေရတယ်။ ဒီအဖြစ်တွေနဲ့ခဏခဏကြုံနေရပြီဆိုရင်တော့ အိတ်တလုံးနဲ့ခရီးသွားတတ်အောင်လေ့ကျင့်ထားဖို့လိုနေပါပြီ။
One bag travel philosophy ဆိုတာနိုင်ငံတကာခရီးသွားတွေကြားမှာခေတ်စားနေတာတော့ကြာပါပြီ။ အထူးသဖြင့်ကိုဗစ်ကပ်ရောဂါဖြစ်ပွားမှုအပြီးမှာခရီးသွားတွေအနေနဲ့ခရီးဆောင်အိတ်တွေများများစားစားမယူတော့ဘဲ ကျောပိုးအိတ်ကြီးထဲလိုအပ်တာတွေထည့်ပြီး minimalism ဆန်ဆန်ခရီးသွားလာကြတယ်။ အိတ်တလုံးနဲ့ခရီးသွားတယ်ဆိုတာလူတိုင်းအတွက် နေရာတိုင်းအတွက်အဆင်တော့မပြေနိုင်ပါဘူး။ ဥပမာ ခါးနာရောဂါရှိလို့ကျောပိုးအိတ်အလေးကြီးမလွယ်နိုင်တဲ့သူတွေ အရမ်းအေးတဲ့ဒေသသွားရမှာမို့ အနွေးထည်များများယူသွားဖို့လိုအပ်တဲ့သူတွေအတွက်တော့ခက်နိုင်တယ်။ ဒါပေမယ့်ကိုယ့်အတွက်အဆင်ပြေတဲ့အခြေအနေဆိုရင်တော့ အိတ်တလုံးနဲ့ခရီးသွားတတ်အောင်လေ့ကျင့်ကြပါစို့။
ဘယ်လိုအားသာချက်တွေရှိလဲ
အိတ်တလုံးနဲ့ခရီးသွားတဲ့အတွက်အကောင်းဆုံးအားသာချက်ကတော့အလုပ်မရှုပ်တာနဲ့အချိန်ကုန်သက်သာတာပါပဲ။ လေဆိပ်မှာကိုယ့်ခရီးဆောင်အိတ်ကို cargo ထဲထည့်ဖို့ပြင်ဆင်ချိန်ကိုစောင့်နေစရာမလိုတော့ဘူး။ Baggage claim မှာအချိန်အကြာကြီးထိုင်စောင့်ရတာ၊ ကိုယ့် suitcase ကိုလိုက်ရှာရတာတွေလည်းမရှိတော့ဘူး။ Suitcase ပျောက်တဲ့ဒုက္ခ၊ မှားယူလာမိတဲ့ဒုက္ခတွေကလည်းကာကွယ်ပြီးဖြစ်သွားပါလိမ့်မယ်။
နောက်တချက်ကအိတ်တလုံးထဲခရီးသွားရင်ယူသွားနေကျပစ္စည်းတွေကိုထည့်ထားပြီးပြီဆိုတော့သွားခါနီးလာခါနီးကျမှ လိုအပ်တဲ့ပစ္စည်းတွေလိုက်ရှာရ၊ ဝယ်ရတဲ့ပြဿနာလည်းမရှိတော့ဘူးပေါ့။ နောက်ပြီးနိုင်ငံခြားဈေးဝယ်ထွက်တဲ့ခရီးစဉ်တွေမှာအစကတည်းကကျောပိုးအိတ်လေးတလုံးပဲပါလာရင် ပစ္စည်းတွေအများကြီးဝယ်မိလို့သတ်မှတ်ပေါင်ချိန်ကျော်သွားမှာမစိုးရိမ်ရတော့ဘူးနော်။
ဘယ်လိုပြင်ဆင်ရမလဲ
အိတ်တလုံးနဲ့ခရီးသွားမယ်ဆိုရင် 60L (litre) အိတ်တလုံးက ၂ပတ်စာခရီးစဉ်တခုအတွက်လုံလောက်ပါတယ်။ တပတ်လောက်ပဲသွားမယ်ဆိုရင် 45L လောက်နဲ့အဆင်ပြေနေပါပြီ။ အဝတ်အစားရွေးတဲ့အခါကျရင်လက်နဲ့လျှော်ရတာလွယ်တဲ့၊ အခြောက်မြန်တဲ့အဝတ်အစားတွေကိုပဲရွေးသင့်ပါတယ်။ အရောင်ကြောင်ကြောင်ကြားကြားတွေထက် basic color လေးတွေထည့်သွားတာကလဲလှယ်ဝတ်လို့ပိုလွယ်ပါလိမ့်မယ်။ တပတ်စာ ၃စုံလောက်ထည့်သွားရင်ကိုလုံလောက်နေပါပြီ။ တစုံကိုဝတ်မယ်၊ တစုံကိုလျှော်ပြီး၊ တစုံကိုလှမ်းထားပါ။ အိတ်တလုံးနဲ့ခရီးသွားတော့မယ်ဆိုရင်အဝတ်လျှော်ဖို့တော့မပျင်းရဘူးနော်။
ဂျက်ကတ်တို့ အနွေးထည်တို့ ဘွတ်ဖိနပ်တို့လိုထူထဲပြီးနေရာယူတဲ့ပစ္စည်းတွေကိုအိတ်ထဲထည့်တာထက် ဝတ်သွားတာကပိုအဆင်ပြေပါလိမ့်မယ်။ Admin ဆိုတခေါက်ကလေဆိပ်မှာသားမွေးကုတ်ကြီးတွေဝတ်လာတဲ့ နိုင်ငံခြားသားတွေတွေ့ဖူးတယ်။ အဲ့ဒါမှအိတ်ထဲတခြားအရေးကြီးပစ္စည်းတွေပိုထည့်လို့ရမှာပေါ့နော့်။
နောက်ပြီးပစ္စည်းတွေအများကြီးလျှောက်ထည့်တာမျိုးကိုရှောင်ပါ။ ဆိုပါတော့ကိုယ့်စမတ်ဖုန်းကပုံကောင်းကောင်းရိုက်လို့ရတယ်ဆိုရင် ဝန်လေးပြီးနေရာယူတဲ့ DSLR ကြီးတွေကိုထားခဲ့လိုက်ပါ။ (အလုပ်ကိစ္စနဲ့ခရီးသွားရတဲ့ဓာတ်ပုံဆရာတွေဆိုရင်တော့တမျိုးပေါ့နော်။) ဟိုတယ်မှာတည်းမှာဆိုရင်မျက်နှာသုတ်ပုဝါကြီးတွေထည့်သွားစရာမလိုပါဘူး။ စက်သွားတိုက်တံတို့ မုတ်ဆိတ်ရိတ်စက်တို့ကနေရာယူတဲ့အတွက်ရိုးရိုးသွားတိုက်တံနဲ့ဂျုတ်လောက်ဆိုအဆင်ပြေနေပါပြီ။ Paperback တွေကိုအိမ်မှာအေးဆေးဖတ်ပါ။ ခရီးသွားရင်တော့ပေါ့ပေါ့ပါးပါး Kindle လေးပဲယူသွားပါ။

မရှိမဖြစ်ခရီးဆောင်ပစ္စည်းများ
Universal Power Adaptor
ကိုယ့်ရဲ့ဖုန်းတွေတပ်ဘလက်တွေကိုအားသွင်းဖို့ Universal Power Adaptor ကအရေးကြီးပါတယ်။
Document Holder
Passport လိုအရေးကြီးစာရွက်စာတမ်းတွေကြေမသွားရအောင် document holder လေးတခုဆောင်သွားတာမမှားပါဘူး။ ရေစိုခံဖြစ်ရင်ပိုကောင်းပါတယ်။
Packing Cubes
ကိုယ့်အိတ်ထဲအဝတ်အစားတွေရှုပ်ပွနေတာမျိုးမဖြစ်ရအောင် packing cube လေးတွေနဲ့သပ်သပ်စီထုပ်ထားပါ။ ဒါမှတခုခုလိုအပ်ရင်အလွယ်တကူရှာလို့ရမှာလေ။ Check-in/check-out မှာမတော်တဆကိုယ့်အိတ်ကိုဖွင့်ပြဖို့လိုအပ်လာရင်လည်း သပ်သပ်ရပ်ရပ်ရှိတာပေါ့နော်။
Powerbank
သွားရင်းလာရင်းဖုန်းအားကုန်သွားတာမျိုးမဖြစ်ရအောင် powerbank ကောင်းကောင်းလေးတခုဆောင်သွားသင့်ပါတယ်။ ဖုန်းလေးရှိတော့အပျင်းပြေဂိမ်းဆော့၊ သီချင်းနားထောင်လို့လည်းရတာပေါ့။
ဆေးအိတ်
အရေးပေါ်ဖျားနာချောင်းဆိုးတာတွေအတွက်အသုံးဝင်တဲ့ဆေးတွေအပြင် ပတ်တီး၊ အရက်ပြန်၊ အနာလိမ်းဆေးနဲ့ Hansaplus တွေလည်းယူသွားသင့်ပါတယ်။ အထူးသဖြင့် camping ထွက်တာ တောင်တက်တာတွေလုပ်မယ်ဆိုရင် ဆေးအိတ်ကိုမဖြစ်မနေဆောင်သွားပါ။
လက်သန့်ဆေးရည်နဲ့နှာခေါင်းစည်း
ကိုဗစ်ကပ်ရောဂါကြောင့်လေကြောင်းလိုင်းတော်တော်များများကခရီးသည်တွေကိုနှာခေါင်းစည်းမဖြစ်မနေစည်းခိုင်းကြပါတယ်။ အများနဲ့သက်ဆိုင်တဲ့နေရာတွေမှာလည်းနှာခေါင်းစည်းစည်းရတာစံနှုန်းတခုဖြစ်လာပါပြီ။ ဒါကြောင့်နှာခေါင်းအပို ၄ ၅ခုလောက်ထည့်သွားပါ။ ရေနဲ့ဆပ်ပြာမရှိတဲ့နေရာတွေမှာဆိုရင်လည်းလက်သန့်ဆေးရည်ဘူးလေးကအသုံးဝင်ပါတယ်။
ရေသန့်ဘူး
တခါသုံးပလတ်စတစ်ရေဘူးတွေဝယ်ရတာပိုက်ဆံကုန်တဲ့အပြင်ပတ်ဝန်းကျင်လည်းညစ်ညမ်းပါတယ်။ ဒါကြောင့်အိတ်ဆောင်ရေသန့်ဘူးလေးထည့်သွားတာပိုအဆင်ပြေမှာပါ။ လေဆိပ်နဲ့ဟိုတယ်အများစုမှာလည်း ရေဖြည့်ဖို့နေရာလေးတွေထားပေးထားတာမို့အလွယ်တကူဖြည့်လို့ရပါတယ်။ ခရီးသွားရင်ရေဓာတ်ပြည့်ဝနေတာအကောင်းဆုံးပါပဲ။
လာမယ့်ပွင့်လင်းရာသီမှာခရီးသွားမယ့်သူတွေအတွက်အန္တရာယ်ကင်းကင်းနဲ့ပျော်ရွှင်စရာခရီးစဉ်လေးဖြစ်ပါစေလို့ MYANMORE+ အဖွဲ့သားများကဆုတောင်းပေးလိုက်ပါတယ်။