Advertisement

Meru Windermere Square ကိုဖွင့်ခါစမှာတော့အပြင်အဆင်လှလို့သတိထားမိပေမယ့် အပြင်အဆင်လှတဲ့စားသောက်ဆိုင်တွေကအများကြီးဆိုတော့ သိပ်မှတ်မှတ်ရရမဖြစ်ခဲ့ဘူး။ နောက်ပိုင်းမှာတော့ အဆိုတော်တွေနဲ့ဖျော်ဖြေပွဲတွေလုပ်လာတာရယ်၊ weekend market တွေလုပ်လာတာရယ်ကြောင့်အစားအသောက်ပိုင်းဘယ်လိုနေလဲသိချင်တာနဲ့သွားဖြစ်ခဲ့ပါတယ်။

Menu တွေကတော့တော်တော်စုံတယ်။ တရုတ်၊ ထိုင်း၊ အိန္ဒိယ၊ မြန်မာနဲ့ ရှမ်းအစားအသောက်တွေအပြင် dim sum menu နဲ့ set menu တွေလည်းရှိတယ်။ Basement မှာဘားလည်းရှိတယ်။ ကျနော်တို့ကတော့ တရုတ်နဲ့ထိုင်း menu ထဲက စီချွမ်စတိုင်အမဲလျှာသုပ် (ကျပ် ၁၃၀၀၀)၊ ဝက်သုံးထပ်သားပဲငါးပိမွှေး (ကျပ် ၁၀၀၀၀)၊ ဝက်ခြေထောက်အစပ်ဟင်းရည် (ကျပ် ၁၁၈၀၀)၊ ပင်လယ်စာချဉ်စပ်သုပ် (ကျပ် ၁၄၈၀၀) နဲ့ ထမင်း ၂ပွဲမှာဖြစ်ခဲ့ပါတယ်။ ထမင်းတပွဲ ကျပ် ၁၀၀၀ ပါ။

၁၀မိနစ်လောက်အကြာမှာဟင်းရည်အရင်ရောက်လာတယ်။ ခဏကြာတော့ဟင်းပွဲတွေအကုန်ရောက်လာပါတယ်။ ကျနော်တို့အပြင်နောက်ထပ် ၃ဝိုင်းလောက်ရှိသေးတော့ဟင်းပွဲထွက်တာမြန်တယ်လို့ပြောလို့ရပါတယ်။  

အမဲလျှာသုပ်ထဲမှာ braise လုပ်ထားတဲ့အမဲလျှာအလွှာတွေကိုဘေးမှာရံပြီးအလယ်မှာကသခွားသီးမျှင်တွေနဲ့ စီချွမ်ဆော့စ်တွေနဲ့နယ်ထားပါတယ်။ အမဲလျှာကအိအိထုပ်ထုပ်နဲ့စားလို့ကောင်းပြီးချိုချိုစပ်စပ်စီချွမ်ဆော့စ်နဲ့ လိုက်ဖက်ပါတယ်။

သုံးထပ်သားပဲငါးပိမွှေးကတော့နာမည်နဲ့လိုက်အောင်မွှေးနေတာပဲ။ ပဲငပိကြောင့်ဝက်သားကပိုအရသာကောင်းသွားတယ်။ ဝက်သားစားပြီးအီလာရင်တော့ ပင်လယ်စာသုပ်လေးယူဝါးလိုက်တာပေါ့။ ပန်းဂဏန်းတကောင်၊ ပုစွန်နဲ့၊ ပြည်ကြီးငါးတွေပါပါတယ်။ သံပုရာသီးနံ့မွှေးမွှေးနဲ့ချဉ်ချဉ်စပ်စပ်အရသာရှိတယ်။ အစပ်ကြောက်ရင်တော့အစပ်လျှော့ခိုင်းပါ။

ဝက်ခြေထောက်ဟင်းရည်ထဲမှာတော့ဝက်သားနဲ့မှိုတွေအများကြီးပါတယ်။ စပါးလင်နံ့သင်းသင်းနဲ့မို့ အစားတွေစားပြီးအီလာရင်တဇွန်းလောက်သောက်လိုက်တာနဲ့အအီပြေသွားပါတယ်။ အစပ်ကတော့ပုံမှန်လေးပါပဲ။

ဟင်းပွဲတွေကဒီအတိုင်းစားရင်နည်းနည်းလေးပေမယ့်ထမင်းနဲ့စားရင်တော့ပုံမှန်ပါပဲ။ ဈေးတွေကတပွဲကို တသောင်းဝန်းကျင်လောက်ရှိတယ်။ ဟင်းပွဲတွေကကြီးတာမို့ ထမင်းနဲ့စားရင် ၄-၅ယောက်ကောင်းကောင်းစားလို့ရပါတယ်။ ကျနော်နဲ့ ကျနော့်မိတ်ဆွေ ၂ယောက်တည်းစားလို့တောင်မကုန်ဘူး။ ကျနော့်အကြိုက်ဆုံးကတော့စီချွမ်အမဲလျှာသုပ်ပါ။ အမဲသားလည်းစားတယ်၊ စီချွမ်အရသာကိုလည်းကြိုက်တယ်ဆိုရင်တော့စားကြည့်ဖို့ညွှန်းပါတယ်။ ကျနော့်မိတ်ဆွေကတော့ ဝက်ခြေထောက်ဟင်းရည်ကိုတော်တော်ကြိုက်ပါသတဲ့။ အအေးနဲ့ကော်ဖီရပါတယ်။ ကျနော်တို့ကတော့ Jasmine Tea (တအိုး – ကျပ် ၂၀၀၀) သောက်ပါတယ်။

ဆိုင်လေးကအပြင်အဆင်လှတယ်။ အစားအသောက်ကောင်းတယ်။ Private room နဲ့ set menu တွေလည်းရှိလို့ business lunch တွေစားမယ်ဆိုအဆင်ပြေတယ်။ ယင်ကောင်နည်းနည်းတော့ရှိတယ်။ ယင်ကောင်တွေရှင်းထုတ်နိုင်ရင်တော့လုံး၀ perfect ဖြစ်သွားမှာပါ။

MM+ Rating: 4/5

အမှတ် 91H၊ သံလွင်လမ်း၊ ဗဟန်းမြို့နယ်၊ ရန်ကုန်။
09 44484 3520
7 AM – 10 PM

Advertisement

LEAVE A REPLY

Please enter your comment!
Please enter your name here