Netflix ကစီစဉ်တဲ့ပထမဆုံးကိုရီးယားရုပ်သံဇာတ်လမ်းတွဲ Kingdom ဟာ အခုဆိုရင် Season 2 ထွက်ရှိခဲ့ပြီဖြစ်ပြီး မြန်မာနိုင်ငံမှာလည်းပရိသတ်အခိုင်အမာရလာပါတယ်။ Korean zombie ဇာတ်လမ်းလို့လည်းသိကြတဲ့ဒီဇာတ်လမ်းတွဲဟာ Season တခုစီမှာ အပိုင်း ၆ပိုင်းပါဝင်ပါတယ်။
Season 1 ကို ၂၀၁၉ ဇန်နဝါရီမှာစတင်ထုတ်လွှင့်ခဲ့ပြီး Season 2 ကတော့ဒီလထဲပဲထွက်ရှိထားတယ်။ မြန်မာပရိသတ်တွေနဲ့သိပ်မစိမ်းတဲ့ Ju Ji-hoon (Along with the Gods)၊ Bae Doona (The Host) တို့ဦးဆောင်ပါဝင်ထားတဲ့ ဒီဇာတ်လမ်းတွဲကိုမကြည့်ရသေးတဲ့သူတွေအတွက် spoiler မပါတဲ့အညွှန်းလေးရေးပေးလိုက်ပါတယ်။

ကိုရီးယားကိုဂျပန်ကျူးကျော်မှုအပြီး ၁၆ရာစုနှောင်းပိုင်း ဂျိုဆောင်ခေတ်မှာဇာတ်အိမ်တည်ထားတဲ့အတွက် အဲ့ဒီခေတ်အခါကကိုရီးယားနိုင်ငံရေး လူမှုရေးတွေကိုတွေ့ရမယ်။ ကိုရီးယားရဲ့ဘုရင်ကြီး ကျောက်ရောဂါနဲ့နာမကျန်းဖြစ်နေတဲ့အချိန်မှာ သူ့ရဲ့မိဖုရားနဲ့ယောက္ခမဖြစ်သူတို့က ဘုရင်ကြီးကိုဘယ်သူနဲ့မှတွေ့ခွင့်မပေးဘဲသူ့အဆောင်မှာပဲထားထားပါတယ်။
အဲ့ဒီအခါမှာ ဘုရင်နဲ့ကိုယ်လုပ်တော်တယောက်ရဲ့သားဖြစ်သူအိမ်ရှေ့စံမင်းသား Lee Chang ဟာသူ့အဖေသေလားရှင်လားတောင်မသိရတဲ့အတွက် မိဖုရား Cho တို့သားအဖကိုမယုံသင်္ကာဖြစ်လာတယ်။ တိုင်းပြည်မှာနေထိုင်ကြတဲ့ကွန်ဖြူးရှပ်ပညာသင်လူတန်းစားကလည်း ဘုရင်ကြီးသေပြီထင်ပြီး အိမ်ရှေ့စံမင်းသားကိုနန်းတင်ဖို့လှုပ်ရှားမှုတွေလုပ်လာခဲ့ပါတယ်။
ဘုရင့်ယောက္ခမဖြစ်သူ ဝန်ကြီး Cho Hak-ju ဟာဒီလှုပ်ရှားမှုတွေကိုရက်ရက်စက်စက်နှိမ်နင်းပြီး သူ့သမီးသားယောကျ်ားလေးမွေးရင်နန်းတင်ဖို့ကြံစည်နေပါတယ်။ မင်းသား Lee ဟာသူ့ဖခင်ရဲ့အခြေအနေကိုအမှန်အတိုင်းသိခွင့်ရဖို့ ဘုရင့်အဆောင်ထဲခိုးဝင်ဖို့ကြိုးစားပါတော့တယ်။
အဲ့ဒီအချိန်မှာပဲ Dongnae ရွာလေးကနန်းတွင်းသမားတော်ဟာဘုရင်ကြီးကိုကုသပေးပြီး သူ့ရွာကိုပြန်လာတယ်။ သူနဲ့အတူခေါင်းတလားတခုလည်းပါလာပြီး အခေါင်းထဲကအလောင်းဟာကိုက်ရာတွေနဲ့ သွေးအလိမ်းလိမ်းဖြစ်နေတယ်။
ဒီအဖြစ်အပျက်တွေအားလုံးစုပေါင်းသွားတဲ့အခါမှာတော့ကိုရီးယားပြည်သူတွေဟာ သမိုင်းတလျှောက်မှာတခါမှမဖြစ်ဖူးသေးတဲ့ကပ်ဆိုးကြီးတခုနဲ့ရင်ဆိုင်ရပါတော့တယ်။

ဖုတ်ကောင်ဇာတ်ကားဖြစ်ပေမယ့်ကျနော်တို့ကြည့်ဖူးခဲ့တဲ့ Walking Dead တို့ World War Z တို့နဲ့မတူတာက Kingdom ထဲကဖုတ်ကောင်တွေဟာနေရောင်ကိုမခံနိုင်ဘဲနေ့ခင်းဘက်ဆိုအရိပ်ရှိတဲ့နေရာတွေမှာအိပ်နေပြီး ညရောက်မှသာထလာလေ့ရှိတယ်။ နေဝင်သွားတာနဲ့ဖုတ်ကောင်တွေထလာတာကိုကြည့်ရတာဟာ ကွဲပြားတဲ့ရသတခုခံစားရမှာပါ။
ဖုတ်ကောင်ကိုက်တာခံလိုက်ရတာနဲ့သာမာန်လူကိုရောဂါပိုးကူးစက်သွားတဲ့အယူအဆကတော့ ဖုတ်ကောင်ဇာတ်လမ်းတော်တော်များများနဲ့တူပါတယ်။ ဒါပေမယ့်ဒီကူးစက်မှုမြစ်ဖျားခံရာကိုတော့ မြှုပ်ကွက်လေးတွေလုပ်ထားတဲ့အတွက်ကိုယ်တိုင်ကြည့်တာပိုစိတ်ဝင်စားဖို့ကောင်းပါလိမ့်မယ်။
လူသားစားဖုတ်ကောင်တွေအပြင် ဖုတ်ကောင်ထက်ရက်စက်တဲ့လူတွေရဲ့အန္တရာယ်ကိုလည်း ကိုရီးယားပြည်သူတွေခံစားကြရပါသေးတယ်။ ဒါကြောင့်ဖုတ်ကောင်ဇာတ်လမ်းဆိုပေမယ့် ရှုပ်ထွေးလှတဲ့နိုင်ငံရေးနဲ့နန်းလုပွဲပြဿနာတွေကိုလည်းကြည့်ကြရမယ်။
ဒီဇာတ်လမ်းတွဲဟာ ကိုရီးယားစာရေးဆရာမ Kim Eun-hee ရဲ့နာမည်ကျော်အွန်လိုင်းရုပ်ပြဝတ္ထု The Kingdom of the Gods ကိုအခြေခံထားတာပါ။ ၁၄၁၃ ကနေ ၁၈၆၅ခုနှစ်အတွင်းဖြစ်ပွားခဲ့တဲ့ ဂျိုဆောင်မင်းဆက်လက်ထက် ကိုရီးယားသမိုင်း Annals of the Joseon Dynasty ကိုဖတ်ရင်း ထူးဆန်းတဲ့ကပ်ရောဂါတခုကြောင့်လူပေါင်းသောင်းနဲ့ချီသေဆုံးခဲ့ရတာကိုတွေ့ရာက The Kingdom of the Gods ကိုရေးဖို့စိတ်ကူးရခဲ့တာလို့ Kim ကပြောပါတယ်။