ဒီတခေါက် streaming အညွှန်းမှာတော့ အပြောင်းအလဲဖြစ်အောင် အင်္ဂလိပ်စကားပြောမဟုတ်တဲ့ Netflix ရုပ်ရှင်နဲ့ဇာတ်လမ်းတွဲတွေကိုပြောပြထားပါတယ်။ သဘောကျကြတယ်ဆိုရင် နောက်ပိုင်းအညွှန်းတွေမှာလည်း အင်္ဂလိပ်စကားပြောနဲ့မဟုတ်တဲ့ရုပ်ရှင်တွေ ဇာတ်လမ်းတွဲတွေထပ်ညွှန်းပေးပါဦးမယ်။ အားလုံးက အင်္ဂလိပ်စာတန်းထိုးနဲ့ပါ။
The Platform

ခုတလောနာမည်ကြီးနေတဲ့စပိန်ရုပ်ရှင်ပါ။ အနာဂတ်ကမ္ဘာမှာ ရာဇဝတ်မှုကျူးလွန်တဲ့သူတွေကို အထပ်ပေါင်းများစွာရှိတဲ့ထောင်ထဲတိုက်ပိတ်အပြစ်ပေးလေ့ရှိတယ်။ အလွှာတခုမှာအကျဉ်းသား ၂ယောက်နေရပြီး အစားအသောက်တွေကို အခန်းအလယ်မှာရှိတဲ့အပေါက်ကြီးကနေ ဒေါင်လိုက်ရွေ့လျားတဲ့စားပွဲပေါ်ကတဆင့်ကျွေးတယ်။ အဲ့ဒီတော့အောက်အလွှာကလူတွေက အပေါ်အလွှာကလူတွေစားပြီးကျန်တာကိုပဲစားရတယ်။ အဲ့ဒီထောင်ကအထပ်ပေါင်းဘယ်လောက်ရှိလဲဆိုတာ ဘယ်သူမှသေချာမသိဘူး။ ဒါကြောင့်အပေါ်ကလူတွေများများစားလေ အောက်ကလူတွေငတ်ဖို့များလေဆိုတဲ့သဘော။ ဇာတ်လမ်းကအရင်းရှင်ဝါဒနဲ့ အလွန်အကျူးစားသုံးခြင်းပြဿနာကိုမီးမောင်းထိုးပြထားပါတယ်။ တော်တော်များများကြည့်ပြီးလောက်ပြီလို့ထင်တယ်။ မကြည့်ရသေးတဲ့သူတွေရှိရင်လည်းကြည့်ဖို့ညွှန်းပါတယ်။ ရွံတတ်ရင်တော့အစားစားနေတုန်းမကြည့်ပါနဲ့။
Black

ဂျွန်စောလို့နာမည်ကြီးတဲ့မင်းသား Song Seung-heon ပါဝင်ထားလို့ သူ့ fan တွေအကြိုက်တွေ့မယ်လို့ထင်ပါတယ်။ ဒီဇာတ်လမ်းတွဲမှာအဓိကဇာတ်လိုက်အမျိုးသမီးက သေခြင်းတရားကိုကြိုတင်မြင်နိုင်စွမ်းရှိသူပါ။ သူမနဲ့သေမင်းတမန် (Grim Reaper) တို့ပူးပေါင်းရင်း လွန်ခဲ့တဲ့နှစ် ၂၀လောက်ကဖြစ်ပွားခဲ့ပြီးတရားခံမပေါ်တဲ့အမှုတွေကိုထောက်လှမ်းကြတဲ့ဇာတ်လမ်းဖြစ်ပါတယ်။ သဘာဝလွန်ကိစ္စတွေနဲ့ထိတ်လန့်သည်းဖိုမှုခင်းကြိုက်တဲ့သူဆိုရင်တော့ အခုပဲ stream လိုက်ပါတော့။
Bloodride

ဒီဇာတ်လမ်းတွဲကတော့ နော်ဝေကဖြစ်ပြီး episode တခုကိုဇာတ်လမ်းတခုနဲ့ anthology ပုံစံရိုက်ကူးထားတယ်။ ဘတ်စ်ကားကြီးတစင်းပေါ်မှာလိုက်ပါလာတဲ့ခရီးသည်တယောက်ချင်းစီရဲ့ဇာတ်လမ်းကိုပြထားပါတယ်။ ပထမဆုံးဇာတ်လမ်းက အိမ်မွေးတိရစ္ဆာန်လေးတွေကိုလက်ကမချစတမ်းချစ်ကြတဲ့ရွာလေးတရွာအကြောင်း၊ ဒုတိယဇာတ်လမ်းက နေမကောင်းတဲ့ညီအစ်ကို ၃ယောက်အကြောင်း၊ တတိယဇာတ်လမ်းက စာရေးဆရာဖြစ်ဖို့ကြိုးစားနေတဲ့မိန်းကလေးတယောက်အကြောင်း၊ စသဖြင့်သီးသန့်ဖြစ်တည်နေတဲ့ဇာတ်လမ်းတွေကိုကြည့်ရမယ်။ Episode တွေအားလုံးရဲ့တူညီတဲ့အချက်ကသွေးသံရဲရဲသည်းထိတ်ရင်ဖို့ဇာတ်လမ်းတွေဖြစ်နေတာပဲ။ အပိုင်း ၆ပိုင်းထွက်ရှိထားပါတယ်။
A Fortunate Man

၁၉ရာစုဒိန်းမတ်နိုင်ငံမှာ Per ဆိုတဲ့သိပ္ပံပညာရှင်ဟာ ရေအားနဲ့လေအားသုံးစီမံကိန်းတွေနဲ့ ကမ္ဘာကိုပြောင်းလဲပစ်ဖို့စိတ်ကူးနေသူတယောက်ပါ။ ရှေးရိုးစွဲခရစ်ယာန်မိသားစုကိုစွန့်ခွာပြီး ကိုပင်ဟေဂင်မှာသိပ္ပံပညာသင်ယူဖို့တယောက်တည်းထွက်လာခဲ့ပါတယ်။ အဲ့ဒီမှာဆင်းဆင်းရဲရဲပညာသင်နေရတဲ့ Per ဟာသူ့အိပ်မက်တွေကိုကူညီပံ့ပိုးပေးမယ့် Salomon မိသားစုနဲ့တွေ့ဆုံခဲ့တယ်။ သြဇာအာဏာကြီးမားတဲ့ Salomon မိသားစုရဲ့အကြီးဆုံးသမီး Jakobe နဲ့လက်ထပ်ရင် သူ့စီမံကိန်းတွေကိုပံ့ပိုးပေးမယ်ဆိုတဲ့အပေးအယူဟာအရမ်းအထောက်အကူဖြစ်ပေမယ့် သူ့မာနနဲ့အတိတ်ကပြဿနာတွေကြောင့် ဘဝမှာအနှောင့်အယှက်တွေဖြစ်လာပါတော့တယ်။ ဥရောပရုပ်ရှင်ပွဲတော်မှာတုန်းကမြန်မာနိုင်ငံမှာပြသခဲ့ဖူးပြီး နိုဘယ်ဆုရဒိန်းမတ်စာရေးဆရာ Henrik Pontoppidan ရဲ့ဝတ္ထုပေါ်အခြေခံထားတာပါ။
Secret of the Nile

Grand Hotel လို့လည်းသိကြတဲ့ဒီဇာတ်လမ်းတွဲဟာ Netflix ရဲ့ပထမဆုံးအီဂျစ်နိုင်ငံအခြေပြုဇာတ်လမ်းဖြစ်ပြီး အာရေဘီစကားပြောဖြစ်ပါတယ်။ ၁၉၅၀ခုနှစ်ကိုအခြေခံထားပြီး ဇာတ်လိုက်က Aswan မြို့က Grand Hotel မှာအလုပ်လုပ်ရင်း ညီမဖြစ်သူကိုရှာဖွေတဲ့ဇာတ်လမ်းပါ။ အဲ့ဒီခေတ်အခါကအီဂျစ်နိုင်ငံရဲ့နိုင်ငံရေးလူမှုရေးအခင်းအကျင်းတွေ၊ လူချမ်းသာအသိုင်းအဝိုင်းရဲ့ဇာတ်ရှုပ်တွေကိုရိုက်ပြထားတယ်။ Season 1 မှာစုစုပေါင်းအပိုင်း ၃၀ရှိပါတယ်။
Typewriter

အိန္ဒိယဇာတ်လမ်းတွဲ Typewriter ဟာ Goa မြို့ကသရဲခြောက်တယ်လို့နာမည်ကြီးတဲ့အိမ်ကြီးနဲ့ တစ္ဆေပူးနေတဲ့စာအုပ်ကိုစိတ်ဝင်တစားစူးစမ်းလိုကြတဲ့ ကလေးတွေအကြောင်းရိုက်ကူးထားတာပါ။ သရဲခြောက်တဲ့အိမ်ကြီးထဲမိသားစုတစုပြောင်းရွှေ့လာတော့ ပတ်ဝန်းကျင်သစ်မှာ အလုပ်တဘက်၊ ကျောင်းတဘက်နဲ့အသားကျဖို့ကြိုးစားရင်း သောင်းကျန်းလှတဲ့သရဲတွေကိုဖမ်းဖို့ကြိုးစားရပါတော့တယ်။