Covid-19 ကြောင့် series တော်တော်များများရိုက်ကူးရေးတွေနားလိုက်ရတဲ့အတွက် ကျနော်တို့ကြိုက်တဲ့ Stranger Things တို့ Money Heist တို့ကိုပြန်ကြည့်ခွင့်ရဖို့ပုံမှန်ထက်ပိုစောင့်ရနိုင်ပါတယ်။ တချို့ဆိုရိုက်ကွင်းတောင်မတည်ရသေးတော့ ၂နှစ်လောက်နောက်ကျဖို့ရှိတယ်။ ဒီဆောင်းပါးမှာမြန်မာပရိသတ်တွေနဲ့ရင်းနှီးနေတဲ့ series တချို့ရဲ့လက်ရှိအခြေအနေကိုဖော်ပြပေးလိုက်ပါတယ်။ ကိုယ်ကြိုက်တဲ့ series ကိုမတွေ့ရင် comment မှာပြောသွားပေးပါ။ အလျဉ်းသင့်သလိုထပ်ရေးပေးပါ့မယ်။
Stranger Things 4

Stranger Things Season 4 ရဲ့ နောက်ဆုံး trailer မှာ Jim Hopper ကိုပြထားတော့ သူအသက်ဘေးကဘယ်လိုလွတ်မြောက်ခဲ့လဲဆိုတာ Season 4 မှာမြင်ရဖို့ရှိပါတယ်။ အရင်ကဒီနှစ်အတွင်းထုတ်လွှင့်ဖို့စီစဉ်ထားပေမယ့် Covid-19 ကြောင့်ရိုက်ကူးရေးတွေနားလိုက်ရတဲ့အတွက် ၂၀၂၁ ခုနှစ် နှစ်ဆန်းပိုင်းလောက်အထိစောင့်ရနိုင်ကြောင်း David Harbour (Hopper) က Instagram မှာအသိပေးထားပါတယ်။ US မှာ Covid-19 ကတော်တော်ဆိုးဆိုးရွားရွားဖြစ်နေတာမို့ သူပြောတာထက်ပိုနောက်ကျရင်ကျနိုင်ပါတယ်။
Money Heist

ပုံမှန်အားဖြင့်တော့ Money Heist season တခုနဲ့တခုကြား ၁နှစ်ခြားပါတယ်။ ဒါပေမယ့် Season 4 ကို ဒီနှစ်ထဲမှာပဲထုတ်လွှင့်ထားပြီး Season 5 အတွက်ရိုက်ကူးရေးတွေတောင်မစရသေးလို့ Money Heist ဟာဒီထက်ပိုနောက်ကျဖို့ရှိတယ်။ ဒါ့အပြင် Money Heist ဟာနိုင်ငံအစုံမှာလှည့်လည်ရိုက်ကူးရသလို၊ ပင်မရိုက်ကွင်းတည်ရာဖြစ်တဲ့စပိန်နိုင်ငံဟာ Covid-19 ဒဏ်တော်တော်ခံလိုက်ရတဲ့အတွက် Season 5 ကိုမျှော်နိုင်သမျှတော့မျှော်ဦးနော်လို့ပဲပြောရမှာပါ။
Peaky Blinders

Season 6 ကိုဒီနှစ်ဆောင်းဦးပေါက်မှာထုတ်လွှင့်ဖို့ မူလကပြင်ဆင်ထားပေမယ့် post production ပိုင်းနှောင့်နှေးမှုတွေကြောင့် နည်းနည်းတော့နောက်ကျနိုင်တယ်။ သတင်းကောင်းက Season 7 လည်းရိုက်ကူးဖို့ရှိတယ်လို့ ဇာတ်ညွှန်းဆရာ Steven Knight ကပြောထားတာပါပဲ။ ဒါကြောင့် Tommy Shelby ကို Season ၂ခုစာထပ်ကြည့်ခွင့်ရဦးမှာပါ။
The Mandalorian

သတင်းဆိုးတွေချည်းပဲပြောနေရတော့ သတင်းကောင်းလေးတခုပြောပြချင်တယ်။ Covid-19 မဖြစ်ခင်ကတည်းကရိုက်ကူးရေးတွေပြီးသွားခဲ့တဲ့ The Mandalorian Season 2 ကတော့ဒီနှစ်အောက်တိုဘာမှာထွက်ရှိလာမှာပါ။ Baby Yoda လေးကိုမြင်ရဖို့ ၄လလောက်ပဲစောင့်ရတော့မှာနော်။ Season 2 မှာတော့သူ့ရဲ့ဖြစ်တည်မှုကိုရှင်းလင်းသွားမယ်လို့သိရပါတယ်။
Falcon and the Winter Soldier

MCU နဲ့ချိတ်ဆက်ထားတဲ့ series တွေထဲကပထမဆုံးထွက်ရှိလာမယ့် Falcon and the Winter Soldier ကတော့ တာထွက်မကောင်းဘူးဆိုရမယ်။ ဇန်နဝါရီလက Puerto Rico မှာရိုက်ကူးရေးတွေလုပ်တုန်း ငလျင်လှုပ်လို့ ခဏနားထားရပြီး အခု Covid-19 ကြောင့်နားရပြန်ပါပြီ။ မူလကခန့်မှန်းထားသလို သြဂုတ်လထဲထွက်လာဖို့ မသေချာပါဘူး။ Disney ဘက်ကလည်းဘယ်လောက်အထိနှောင့်နှေးမလဲဆိုတာမထုတ်ပြန်သေးပါ။
Supernatural

Season 15 mid-season break အပြီး နောက်ဆုံးကျန်တဲ့ အပိုင်း ၇ပိုင်းမှာ အဆင်သင့်ဖြစ်နေတဲ့ ၅ပိုင်းကိုဒီနှစ်ဆောင်းဦးပေါက်မှာထုတ်လွှင့်မယ်လို့သိရတယ်။ ကျန်နေတဲ့ ၂ပိုင်းကလည်းရိုက်ကူးရေးတွေပြန်စနိုင်တာနဲ့ရိုက်ကူးမှာဖြစ်လို့သိပ်ဆိုးဆိုးရွားရွားနောက်ကျမှာမဟုတ်ပါဘူး။
Arrowverse

DC superhero တွေကိုအခြေခံထားတဲ့ Arrowverse ထဲက ဇာတ်လမ်းတွဲတော်တော်များများ (Black Lightning, The Flash, Batwoman) နောက်နှစ် ဇန်နဝါရီမှာပြန်လာမှာပါ။ Series အသစ်အဖြစ် Clark Kent (Superman) နဲ့ဇနီးသည် Lois Lane တို့ရဲ့မိသားစုအကြောင်းရိုက်ကူးထားတဲ့ Superman & Lois ကိုလည်းကြည့်ရဖို့ရှိတယ်။ ဒီဇာတ်လမ်းတွဲမှာ Clark နဲ့ Lois တို့ဟာ superpower တွေရှိတဲ့သား ၂ယောက်ကို ပြုစုပျိုးထောင်ရင်းကြုံရတဲ့အခက်အခဲတွေအကြောင်းတင်ဆက်ထားပါတယ်။
Supergirl ကတော့ခေါင်းဆောင်မင်းသမီး Melissa Benoist ကိုယ်ဝန်ဆောင်ထားရတဲ့အတွက် နှစ်လယ်လောက်အထိနောက်ဆုတ်သွားမှာဖြစ်ပြီး Legends of Tomorrow နဲ့အပြိုင်ထွက်လာမယ်လို့သိရပါတယ်။
Riverdale

Riverdale ပရိသတ်တွေအတွက်တော့သတင်းဆိုးပါ။ မတ်လက Season 4 ထုတ်လွှင့်နေတုန်း ရိုက်ကွင်းဝန်ထမ်းတယောက် Covid-19 ကူးစက်ခံရလို့ရပ်လိုက်ရပြီး အပိုင်း ၃ပိုင်းလောက်ရိုက်ကူးဖို့ကျန်နေတယ်။ ဒီနှစ်ကုန်လောက်မှ ကျန်သေးတဲ့အပိုင်းတွေကိုကြည့်ရဖို့ရှိပါတယ်။ Season 5 ကတော့နောက်နှစ် ဇန်နဝါရီလောက်မှာထွက်လာမှာပါ။
Walking Dead

Season 10 မှာနောက်ဆုံးကျန်တဲ့ အပိုင်း ၁၆ကို post production မလုပ်ရသေးခင် Covid-19 ကြောင့်ရိုက်ကူးရေးတွေနားလိုက်ရလို့ဒီနှစ်ကုန်လောက်မှ အပိုင်း ၁၆ကို ကြည့်ရမှာပါ။