ခုတလော Facebook အသုံးပြုသူတွေကြားရေပန်းစားနေတဲ့ Revenge of the Pontianak ဇာတ်လမ်းအကြောင်းပြောပြချင်ပါတယ်။ မကြည့်ရသေးတဲ့သူတွေအတွက်ဒီကားကို Facebook မှာဘယ်လိုကြည့်ရမလဲဆိုတာကိုလည်းညွှန်ပြထားသေးတာမို့ ပို့စ်ကိုဆုံးအောင်ဖတ်ကြည့်လိုက်နော်။
Revenge of the Pontianak ဆိုတာ စင်ကာပူနဲ့မလေးရှားဖက်စပ်ရိုက်ကူးခဲ့တဲ့ရုပ်ရှင်ဖြစ်ပြီး ၂၀၁၉ခုနှစ် သြဂုတ်မှာစင်ကာပူနိုင်ငံမှာရုံတင်ပြသခဲ့ပါတယ်။
ဇာတ်လမ်းကတော့ ၁၉၆၅ခုနှစ် မလေးရှားနိုင်ငံကကျေးရွာလေးတရွာမှာ Khalid နဲ့ Siti ဆိုတဲ့စုံတွဲဟာ မင်္ဂလာပွဲကျင်းပဖို့စီစဉ်နေတုန်း သူတို့ရွာကရွာသားတွေဟာတယောက်ပြီးတယောက် အသေဆိုးနဲ့သေကြပြီး ထူးထူးခြားခြားသဘာဝလွန်ဖြစ်ရပ်တွေကိုလည်းကြုံကြရပါတယ်။
ဒီအဖြစ်အပျက်တွေရဲ့နောက်ကွယ်ကတရားခံကတော့ Pontianak လို့ခေါ်တဲ့ဒဏ္ဍာရီလာတစ္ဆေဖြစ်ပြီး သူမဟာလူ့ပြည်မှာနေခဲ့စဉ်ကမကျေနပ်ချက်တခုကြောင့်ရွာလေးကိုရန်ရှာနေရခြင်းဖြစ်ကြောင်း ရွာသားတွေရိပ်မိလာကြတယ်။ သူမကိုဘယ်သူတွေကမတရားပြုခဲ့ကြလို့လဲဆိုတာကိုတော့ ကိုယ့်ဘာသာပဲကြည့်လိုက်ပါတော့နော်။
Facebook search bar မှာ ‘Revenge of the Pontianak’ လို့ရိုက်ပြီးရှာလိုက်ရင် Facebook ပေါ်မှာတင်ကြည့်လို့ရတဲ့ direct link တွေအများကြီးကျလာပါလိမ့်မယ်။ အခု Pontianak တစ္ဆေရဲ့ရာဇဝင်ကိုပြောပြချင်ပါတယ်။

တကယ်တော့ Pontianak ဆိုတာမလေးရှားနဲ့အင်ဒိုနီးရှားကျွန်းဆွယ်ဒေသတွေမှာထင်ရှားတဲ့ ရိုးရာတစ္ဆေပုံပြင်တခုဖြစ်ပါတယ်။ သူမရဲ့ဘဝဇာတ်လမ်းဟာထိုင်းက Mae Nak၊ မက္ကဆီကိုက La Llorona တို့နဲ့ခပ်ဆင်ဆင်တူတယ်။
လူ့ဘဝမှာကိုယ်ဝန်သည်မိခင်တယောက်ဟာ အစိမ်းသေသေသွားခဲ့ရင်ပဲဖြစ်ဖြစ်၊ တဦးတယောက်ရဲ့လက်ချက်ကြောင့်သေဆုံးသွားခဲ့ရင်ပဲဖြစ်ဖြစ် သူမရဲ့ဝိညာဉ်ဟာဒေါသကြီးပြီးလူသားစားတတ်တဲ့အစိမ်းသရဲ (Pontianak) အဖြစ်ပြောင်းသွားတတ်ကြောင်း ပုံပြင်တွေကဆိုတယ်။ ယောကျ်ားတွေကိုသာစားသုံးလေ့ရှိပြီး အသားမစားဘဲဗိုက်ခွဲပြီးကလီစာကိုသာစားကြောင်းသိရပါတယ်။
Pontianak ဟာတနေကုန်ငှက်ပျောပင်တွေထဲမှာနားနေတတ်ပြီး လပြည့်နေ့တွေကျမှထွက်လာရင်း အစာရှာတတ်ပါတယ်။ ညသန်းခေါင်မှာကလေးငိုသံကျယ်ကျယ်လောင်လောင်ကြားရပြီဆိုရင် သူမခပ်ဝေးဝေးမှာရှိနေခြင်းဖြစ်ပြီး ကလေးငိုသံလေးတိုးသွားပြီဆိုရင်တော့ကိုယ့်အနားရောက်နေပြီဖြစ်ကြောင်း ရှေးလူကြီးတွေကပြောတယ်။ သူမအနားရောက်လာရင်အရင်ဆုံးတရုတ်စကားပွင့်ရနံ့တွေရတတ်ပြီး ဒီအမွှေးနံ့ဟာတဖြည်းဖြည်းလူသေကောင်ပုပ်နံ့အဖြစ်ပြောင်းလဲသွားတတ်တယ်လို့လည်းဆိုကြပါတယ်။
Pontianak တွေဟာ လူတွေရဲ့အဝတ်အစားကိုနမ်းရှုံ့ရင်း သားကောင်ကိုခြေရာခံတတ်တယ်လို့ယူဆကြတယ်။ ဒါကြောင့်မလေးရွာတွေမှာ အဝတ်တွေကိုညဘက်အပြင်ထုတ်လှမ်းခြင်းကိုရှောင်ကြဉ်ကြတယ်။
ဒီပုံပြင်ဟာစင်ကာပူနိုင်ငံမှာလည်းထင်ရှားပါတယ်။ Pontianak တွေဟာအသားဖြူဖြူ နက်မှောင်တောက်ပနေတဲ့ဆံပင်အရှည်နဲ့ မိန်းမချောတွေဖြစ်တာမို့ ညနက်သန်းခေါင်မှအိမ်ပြန်တတ်တဲ့ ယောကျ်ားတွေကိုမြှူဆွယ်စားသောက်တတ်ကြောင်းပါးစပ်ရာဇဝင်တွေရှိပါသေးတယ်။
