Advertisement

Black Panther အဖြစ်လူသိများခဲ့တဲ့ Chadwick Boseman ဟာသောကြာနေ့ကပဲ အူမကြီးကင်ဆာရောဂါနဲ့ကွယ်လွန်သွားခဲ့ပါပြီ။ အသက် ၄၃နှစ်ပဲရှိသေးတဲ့ Boseman ဟာအူမကြီးကင်ဆာကို ၄နှစ်တာခံစားနေခဲ့ရပေမယ့် သူ့ရောဂါအကြောင်းလူသိရှင်ကြားမကြေညာခဲ့ပါဘူး။ ငယ်ငယ်ရွယ်ရွယ်နဲ့ကွယ်လွန်ခဲ့ရပေမယ့် သူ့ပရိသတ်တွေအမြဲအမှတ်ရနေစေမယ့် ရုပ်ရှင်တွေအများကြီးမှာပါဝင်သရုပ်ဆောင်သွားခဲ့ပါတယ်။ အဲ့ဒီထဲကအကောင်းဆုံး ၅ကားကိုဖော်ပြပေးလိုက်ပါတယ်။

ငြိမ်းချမ်းရာဘုံဘဝမှာအနားယူနိုင်ပါစေ Boseman ရေ။

42 (2013)

သူခေါင်းဆောင်အဖြစ်ပထမဆုံးပါဝင်ခွင့်ရတဲ့ရုပ်ရှင်ဖြစ်ပြီး ပရိသတ်နဲ့ဝေဖန်ရေးဆရာတွေရဲ့အာရုံစိုက်မှုကို ပထမဆုံးရခဲ့တဲ့ရုပ်ရှင်လည်းဖြစ်တယ်။ ဒီကားထဲမှာ Boseman ဟာအမေရိကန်လူမည်းဘေ့စ်ဘောကြယ်ပွင့် Jackie Robinson အဖြစ်သရုပ်ဆောင်ထားပါတယ်။

Robinson ဟာ ၁၉၄၇ခုနှစ်မှာနာမည်ကြီးဘေ့စ်ဘောအသင်း Brooklyn Dodgers နဲ့ စာချုပ်ချုပ်ဆိုရင်း ဘေ့စ်ဘောအားကစားမှာလူမည်းကစားသမားတွေကိုခွဲခြားဆက်ဆံလေ့ရှိတဲ့အလေ့အထကိုတော်လှန်ခဲ့သူပါ။ အခုထိလည်းဘေ့စ်ဘောလောကမှာဂန္ထဝင်ကစားသမားတယောက်အဖြစ်အသိအမှတ်ပြုခြင်းခံနေရတုန်းပဲ။ ဒီကားမှာ Boseman ဟာ Robinson ရဲ့ဘဝခရီးကိုပုံဖော်ထားပါတယ်။ အဲ့ဒီနောက်ပိုင်းမှာ Boseman ဟာ bio pic တွေဆက်တိုက်ဆိုသလိုရိုက်ကူးခဲ့ရပြီး နာမည်ကျော်သရုပ်ဆောင်ဖြစ်လာခဲ့တယ်။

အံ့သြစရာကောင်းတာက Jackie Robinson Day လို့အမေရိကန်တွေသတ်မှတ်ထားတဲ့အထိမ်းအမှတ်နေ့ သြဂုတ် ၂၈ရက်မှာပဲ Boseman ကွယ်လွန်သွားခဲ့တာပါ။

Marshall (2017)

Boseman ရဲ့နောက်ထပ် bio pic တခုဖြစ်ပါတယ်။ ဒီကားထဲမှာတော့သူဟာအမေရိကန်တရားလွှတ်တော်ချုပ်ရဲ့ ပထမဆုံးလူမည်းတရားသူကြီး Thurgood Marshall အဖြစ်သရုပ်ဆောင်ထားတယ်။

Marchall ရဲ့ငယ်စဉ်ဘဝနဲ့ National Association for the Advancement of Colored People မှာ ဆင်းရဲတဲ့အာဖရိကန်အမေရိကန်တွေကိုကိုယ်စားပြုပေးတဲ့ရှေ့နေဘဝကို Boseman ကနေတဆင့်ရှုစားရမှာပါ။

Black Panther (2018)

Boseman ရဲ့သမိုင်းမှတ်တိုင်တခုလို့ဆိုရမယ့်ဒီဇာတ်ရုပ်ဟာ အမေရိကန်လူမည်းအသိုင်းအဝိုင်းအတွက် ထူးခြားတဲ့သမိုင်းဖြစ်ရပ်တခုလည်းဖြစ်ခဲ့ပါတယ်။
ဒီရုပ်ရှင်ဟာဟောလိဝုဒ်မှာတင်မက ကမ္ဘာ့ပထမဆုံး African superhero တယောက်ကိုအခြေခံရိုက်ကူးထားတဲ့ရုပ်ရှင်ဖြစ်ပြီး လူမည်းတွေရဲ့ယဉ်ကျေးမှုကိုဇောင်းပေးဖော်ပြထားတဲ့ရုပ်ရှင်တွေထဲမှာ ထုတ်လုပ်မှုစရိတ်အများဆုံးရုပ်ရှင်လည်းဖြစ်တယ်။

Boseman ဟာ Wakanda ဆိုတဲ့စိတ်ကူးယဉ်တိုင်းပြည်တခုရဲ့အသစ်စက်စက်ဘုရင် T’Challa အဖြစ်သရုပ်ဆောင်ခဲ့ပြီး မိသားစုနဲ့တိုင်းပြည်အပေါ်တာဝန်ကျေရုံနဲ့မပြီးသေးဘဲ တံခါးပိတ်ဝါဒကိုအဆုံးသတ်ဖို့ ကမ္ဘာတဝှမ်းမှာရှိတဲ့အဖိနှိပ်ခံလူမည်းအသိုင်းအဝိုင်းတွေကိုပါ ကာကွယ်စောင့်ရှောက်ဖို့အသိတရားရလာပုံကို တင်ဆက်ထားပါတယ်။

သူကွယ်လွန်သွားတဲ့နေ့မှာ Facebook ပေါ်ကသူ့ပရိသတ်တွေဟာ #WakandaForever ဆိုတဲ့ hashtag နဲ့ ဝမ်းနည်းကြောင်းရေးသားခဲ့ကြပါတယ်။ 

Da 5 Bloods (2020)

ဗီယက်နမ်စစ်ပြီးကာလနောက်ခံရုပ်ရှင်ပါ။ Boseman ဟာ screen time နည်းပေမယ့် အရေးကြီးတဲ့ဇာတ်ရုပ်နေရာကပါဝင်ထားတယ်။ အမေရိကန်လူမည်းစစ်သား ၄ယောက်ဟာ သူတို့တပ်စိတ်ခေါင်းဆောင်ရဲ့အလောင်းနဲ့ ရတနာသိုက်တခုကိုရှာဖို့ စစ်ပွဲပြီးတဲ့နောက်မှာ ဗီယက်နမ်နိုင်ငံကိုပြန်သွားခဲ့တယ်။

အဲ့ဒီမှာစစ်အတွင်းကရက်စက်ကြမ်းကြုတ်မှုတွေနဲ့ အများပြည်သူကိုချမပြခဲ့တဲ့စစ်ရာဇဝတ်မှုတွေကို ရှာဖွေတွေ့ရှိခဲ့ကြပါတော့တယ်။ စစ်ပွဲနဲ့သမိုင်းနောက်ခံရုပ်ရှင်နှစ်သက်သူတွေအကြိုက်တွေ့မှာဖြစ်ပြီး Netflix မှာကြည့်ရှုနိုင်ပါတယ်။ 

Get on Up (2014)

Soul ဂီတရဲ့ခေါင်းကိုင်ဖခင်လို့တင်စားခေါ်ဝေါ်ကြတဲ့အာဖရိကန်အမေရိကန်အဆိုတော် James Brown ရဲ့ဘဝသရုပ်ဖော်ရုပ်ရှင်ပါ။

ဆင်းရဲသားတယောက်ဘဝကနေ ဂီတသမိုင်းမှာလွှမ်းမိုးမှုအရှိဆုံးအဆိုတော်တယောက်ဖြစ်လာပုံကိုမြင်ရမယ်။

Brown နေရာကသရုပ်ဆောင်တဲ့ Boseman ဟာဝတ်စားဆင်ယင်မှုနဲ့ ဟန်အမူအရာကအစ Brown နဲ့တူလွန်းလှတယ်လို့ ဝေဖန်ရေးဆရာတွေကချီးကျူးခဲ့ပါတယ်။ 

Advertisement

LEAVE A REPLY

Please enter your comment!
Please enter your name here