တချို့က X-Men ကိုဟာသဆန်ဆန်ရိုက်ရင် The Umbrella Academy ရလာမယ်လို့ပြောကြတယ်။ ဒါပေမယ့် TUA မှာ X-Men ရုပ်ရှင်တွေနဲ့ကွဲပြားတဲ့အရည်အသွေးတွေအများကြီးရှိနေပါတယ်။
TUA ဟာဇာတ်လမ်းစကတည်းကစိတ်ဝင်စားစရာကောင်းတယ်လို့ပြောရမယ်ဗျ။ ၁၉၈၉ခုနှစ် အောက်တိုဘာလ ၁ရက်နေ့မှာ ကမ္ဘာတဝှမ်းကအမျိုးသမီး ၄၃ယောက်ဟာ ရုတ်တရတ်နေ့စေ့လစေ့ကိုယ်ဝန်ရလာပြီး ကလေးတယောက်စီမွေးပါတယ်။
Reginald Hargreeves ဆိုတဲ့အမေရိကန်နိုင်ငံသားဘီလျံနာကြီးဟာ ဒီကလေးတွေထဲက ၇ယောက်ကိုမွေးစားပြီး Umbrella Academy ဆိုတဲ့ကျောင်းထောင်ရင်း superhero ဖြစ်အောင်လေ့ကျင့်ပေးခဲ့တယ်။ ဒါကသူတို့အဖွဲ့စတင်လာပုံပါ။
Hargreeves ဟာကလေးတွေကိုစည်းကမ်းတင်းကျပ်စွာအုပ်ချုပ်ပြီး ရင်းရင်းနှီးနှီးမဆက်ဆံခဲ့တဲ့အတွက် မွေးစားမောင်နှမတွေဟာစိတ်ဒဏ်ရာကိုယ်စီနဲ့ကြီးပြင်းလာရတယ်။
ဒါက TUA ကိုသာမန် superhero parody တွေနဲ့ကွဲပြားစေတဲ့အချက်ပါပဲ။ ဟာသမြောက်ဖို့သက်သက်ဇာတ်လမ်းဆင်ထားတာမဟုတ်ဘဲ မိသားစုပြဿနာတွေနဲ့ childhood trauma တွေကလူတယောက်ရဲ့ဘဝကိုဘယ်လိုသက်ရောက်နိုင်လဲဆိုတာပြထားတယ်။ ရယ်စရာလေးတွေလည်းပါသလို မောစရာလေးတွေလည်းပါတယ်။
TUA အဖွဲ့ဝင်တွေဟာအရွယ်ရောက်လာတော့တယောက်ပြီးတယောက်မိသားစုကနေခွဲထွက်သွားကြတာ Number One ဖြစ်တဲ့ Luther ပဲကျန်ပါတော့တယ်။ Number Five ကငယ်ငယ်လေးကတည်းက အိမ်ကထွက်သွားတာပြန်ပေါ်မလာတော့ဘဲ Number Six ကတော့ဆယ်ကျော်သက်အရွယ်မှာ အသတ်ခံလိုက်ရတယ်။ Luther ကတော့ လေ့လာရေး mission တခုနဲ့လပေါ်မှာနေနေပါတယ်။
တနေ့မှာ Hargreeves ကွယ်လွန်သွားတော့ တနေရာစီရောက်နေတဲ့ TUA မောင်နှမတွေပြန်ဆုံဖြစ်ကြတယ်။ ဆေးရုံကသာမန်နှလုံးရောဂါနဲ့သေတယ်လို့မှတ်ချက်ချပေမယ့် Luther ကတော့သူ့အဖေကိုတယောက်ယောက် လုပ်ကြံလိုက်တာလို့သံသယရှိပါတယ်။ ဒါကလည်း သူ့အဖေမသေခင်လပိုင်းလောက်က “မင်းယုံတဲ့သူတွေကိုသတိထား” လို့မှာခဲ့ပြီး စိုးရိမ်ထိတ်လန့်နေတဲ့ပုံပေါ်တဲ့အတွက်ကြောင့်ပါ။
တခြားမောင်နှမတွေကတော့ Hargreeves ဟာနဂိုကတည်းကအစိုးရိမ်လွန်တဲ့ဗီဇရှိကြောင်း၊ အသက်ကြီးလာတာနဲ့အမျှလူတွေကိုယုံကြည်မှုမဲ့လာတာဖြစ်နိုင်ကြောင်းပြောကြပေမယ့် Luther ကတော့ မသင်္ကာဖွယ်သဲလွန်စတွေကိုလိုက်ရှာပါတယ်။
အဲ့ဒီနေ့မှာပဲ ငယ်ငယ်ကတည်းကပျောက်ဆုံးသွားတဲ့ Number Five ပြန်ရောက်လာပြီး ကြောက်မက်ဖွယ်သတင်းတခုကိုသယ်ဆောင်လာတဲ့အခါ…။
Hargreeves ကအသတ်ခံလိုက်ရတာလား၊ နှလုံးရောဂါနဲ့သေတာလား။ Hargreeves ကွယ်လွန်ပြီးမှ Number Five ပြန်ပေါ်လာတာ သမားရိုးကျတိုက်ဆိုင်မှုတခုပဲလား။ Number Five ကကောအိမ်ကထွက်သွားပြီး ဘယ်ရောက်နေခဲ့တာလဲ။
၂၀၁၉ခုနှစ်က Season 1 ထွက်ရှိခဲ့ပြီး လွန်ခဲ့တဲ့အပတ်က Season 2 ထွက်လာတဲ့ TUA ဟာပရိသတ်လက်ခံမှုရခဲ့တဲ့အတွက် Season 3 ထပ်မံရိုက်ကူးသွားမယ်လို့မျှော်လင့်ရပါတယ်။ TUA ဟာ My Chemical Romance ရဲ့ပင်တိုင်အဆိုတော် Gerard Way ရဲ့ရုပ်ပြဇာတ်လမ်းကိုအခြေခံထားတာပါ။
ရုပ်ပြကိုအခြေခံထားတာဆိုတော့ comic ဆန်ဆန်ဟာသလေးတွေပါတယ်။ ကလိထိုးရယ်ခိုင်းတာမျိုးမဟုတ်ဘဲ ဇာတ်ကောင်တွေလုပ်မိတဲ့အလွဲအချော်လေးတွေကတဆင့်ရယ်ရတာမျိုးပါ။ Soundtrack တွေကတော့တော်တော်မိုက်တယ်ဗျ။ အတည်အခန့် superhero ရုပ်ရှင်မျိုးမှကြိုက်သူတွေထက် ပေါ့ပေါ့ပါးပါးဇာတ်လမ်းမျိုးကြည့်ချင်တဲ့သူတွေအတွက်ပိုအဆင်ပြေပါလိမ့်မယ်။

Number One (Luthor) ကအလွန်သန်စွမ်းပြီး Number Two (Diego) ကတော့အရှိန်နဲ့သွားနေတဲ့အရာဝတ္ထုတွေရဲ့လားရာကိုထိန်းချုပ်နိုင်တယ်။ ဒါကြောင့်သူက ဓားပျံတွေသုံးပြီးတိုက်ခိုက်ပါတယ်။
Number Three (Allison) က “I heard a rumour…” ဆိုတဲ့စကားနဲ့လူတွေကိုလိုရာခိုင်းစေနိုင်တယ်။ Number Four (Klaus) ကဝိညာဉ်တွေနဲ့ဆက်သွယ်နိုင်ပါတယ်။
Number Five (Five) ကတော့အချိန်နဲ့နေရာရွှေ့ပြောင်းသွားလာနိုင်စွမ်းရှိပြီး Number Six (Ben) ကသူ့ကိုယ်ထဲကနေရေဘဝဲလက်တံကြီးတွေထုတ်ပြီးတိုက်ခိုက်နိုင်ပါတယ်။ Number Seven (Vanya) မှာတော့ထူးထူးခြားခြားစွမ်းအင်မရှိပါဘူး။