Advertisement

အပတ်တိုင်းလိုလိုအနောက်တိုင်းရုပ်ရှင်နဲ့စီးရီးတွေအကြောင်းပဲပြောနေတော့ ဒီအပတ်မှာအပြောင်းအလဲဖြစ်အောင် ထိုင်းရုပ်ရှင်နဲ့ဇာတ်လမ်းတွဲတွေအကြောင်းညွှန်းပေးချင်ပါတယ်။ များသောအားဖြင့်မြန်မာပရိသတ်တွေက ထိုင်းရုပ်ရှင်ဆိုရင် ဟာသနဲ့သရဲတစ္ဆေဇာတ်လမ်းတွေကြိုက်တတ်ကြတော့ ဒီအညွှန်းမှာလည်းပေါ့ပေါ့ပါးပါးရယ်ရမယ့်ကားလေးတွေ ခြောက်ခြောက်ခြားခြားကြည့်ရမယ့်ကားလေးတွေ ရွေးပေးထားတယ်။ တချို့ရုပ်ရှင်နဲ့ဇာတ်လမ်းတွဲတွေက Netflix မှာကြည့်လို့ရပါတယ်။ 

The Teacher’s Diary

သင်မမြင်ဖူးတဲ့သူတယောက်ကို ချစ်မိသွားနိုင်သလား။ အစွန်အဖျားရွာလေးတရွာမှာစာသင်ဖို့ရောက်လာတဲ့ဆရာတယောက်ဟာ သူတည်းခိုတဲ့ရေပေါ်အိမ်လေးမှာ သူ့အရင်ကနေသွားခဲ့တဲ့ဆရာမရဲ့ဒိုင်ယာရီကိုသွားတွေ့ပါတယ်။ အဲ့ဒီဆရာမရဲ့နေ့စဉ်မှတ်တမ်းကိုဖတ်ပြီး သူ့ရဲ့ထင်မြင်ချက်တွေကိုစာမျက်နှာအလွတ်မှာရေးထားမိတယ်။ သူလည်းထွက်သွားရောအဲ့ဒီဆရာမပြန်ရောက်လာပြီး ဒိုင်ယာရီစာအုပ်ထဲကသူ့ရဲ့ထင်မြင်ချက်တွေကိုဖတ်မိရာကနေ တယောက်နဲ့တယောက်သံယောဇဉ်ဖြစ်လာပါတော့တယ်။

Sleepless Society

ဒီသည်းထိတ်ရင်ဖိုဇာတ်လမ်းတွဲဟာ Nyctophobia၊ Bedtime Wishes နဲ့ Insomnia ဆိုပြီး အတွဲ ၃တွဲရှိပါတယ်။ တတွဲမှာ အပိုင်း ၁၃ပိုင်းပါပြီး တတွဲနဲ့တတွဲကဇာတ်လမ်းသီးခြားစီဖြစ်တဲ့အတွက် ကြိုက်တာကိုစကြည့်လို့ရတယ်။

Nyctophobia – သားဖြစ်သူကွယ်လွန်ပြီးနောက်ဝမ်းနည်းကြေကွဲနေတဲ့မိခင်တယောက်ဆီသူ့သားဝင်စားတယ်ဆိုတဲ့ကလေးငယ်တယောက်ရောက်လာတဲ့အခါ…။

Bedtime Wishes – လေယာဉ်မယ်တယောက်ဟာခန့်ညားတဲ့သက်လတ်ပိုင်းအရွယ်အမျိုးသားတယောက်နဲ့ အပန်းဖြေစခန်းမှာတွေ့မိကြပါတယ်။ အနေအထိုင်လျှို့ဝှက်သိုသိပ်လှတဲ့ဒီအမျိုးသားမှာ ဘယ်လိုနောက်ကြောင်းရာဇဝင်တွေရှိနေမလဲ။

Insomnia – အိပ်မက်ဆိုးတွေမက်ပြီးအိပ်မပျော်တဲ့ဝေဒနာခံစားနေရတဲ့အမျိုးသမီးဟာ သူ့အိပ်မက်ထဲခဏခဏ ပေါ်လာတဲ့အိမ်အိုကြီးဆီသွားပြီး အိပ်မက်ဆိုးတွေရဲ့ွှအရင်းအမြစ်ကိုရှာဖွေပါတော့တယ်။ အိပ်မက်ဆိုးတွေရဲ့ခြောက်လှန့်မှုကလွတ်မြောက်နိုင်ပါ့မလား။

အတွဲ ၃တွဲလုံး Netflix မှာရှိပါတယ်။

Bangkok Traffic (Love) Story

ထိုင်းအချစ်ဟာသရုပ်ရှင်ဆိုရင် ဆယ်ကျော်သက်ကျောင်းသားဇာတ်လမ်းတွေအထွက်များပေမယ့် ဒီရုပ်ရှင်ကတော့ သက်လတ်ပိုင်းအရွယ်အမျိုးသမီးတယောက်ကိုအခြေခံထားပါတယ်။ ဇာတ်လိုက်ဖြစ်သူအသက် ၃၀အရွယ်အပျိုကြီး Li ဟာကားအက်ဆီးဒင့်တခုဖြစ်ပြီးနောက်ပိုင်း အိမ်ကကားမောင်းခွင့်မပြုတော့တဲ့အတွက် ရထား (sky train) ကိုသာအသုံးပြုပြီးအလုပ်သွားရတယ်။ အဲ့ဒီမှာသူနဲ့ရွယ်တူလူလွတ်တယောက်ဖြစ်တဲ့ Loong နဲ့တွေ့ပါတော့တယ်။ မထင်မှတ်တဲ့အလွဲလေးတွေနဲ့ ဟာသမြောက်အောင်ရိုက်ထားတဲ့အပြင် ထိုင်းနိုင်ငံကလူပျိုကြီးအပျိုကြီးတွေရဲ့အကြောင်းကိုလည်း တစေ့တစောင်းပြောပြထားပါသေးတယ်။

Answer for Heaven

လူ့ပြည်မှာလူတွေကောင်းမှုကုသိုလ်လုပ်တာအရမ်းနည်းလာတဲ့အတွက် နတ်သားတပါးဟာလူယောင်ဖန်ဆင်းပြီး လူတွေရဲ့အကြောင်းလေ့လာဖို့ရောက်လာပါတယ်။ သူဟာမှုခင်းသတင်းထောက်တယောက်နဲ့တွေ့ဆုံမိပြီး ကိစ္စများမြောင်လူတို့ဘောင်မှာအခြေကျအောင်နေရင်း လူတွေရဲ့အကြောင်းတဖြည်းဖြည်းနားလည်လာပါတော့တယ်။ ဒီဇာတ်လမ်းတွဲကို Netflix မှာကြည့်လို့ရပါပြီ။

Phobia

Phobia 1 နဲ့ 2 ဆိုပြီး ၂ကားထွက်ရှိထားတာမို့ သိတဲ့သူတော်တော်များများရှိမှာပါ။ Netflix မှာလည်းရှိပါတယ်။ ဇာတ်လမ်းတို ၄-၅ခုလောက်စုပေါင်းထားတဲ့ဒီရုပ်ရှင်တွေဟာ ထိုင်းလူမျိုးရဲ့အယူသီးမှုတွေ ရိုးရာတစ္ဆေပုံပြင်တွေကို အခြေခံထားတဲ့အတွက်ပရလောကနဲ့ပတ်သက်တဲ့သူတို့ရဲ့အယူအဆတွေကို လေ့လာနိုင်တယ်။ မြန်မာလူမျိုးတွေကြားမှာနာမည်ကြီးခဲ့တဲ့ 3AM ရုပ်ရှင်တွေနဲ့နည်းနည်းဆင်ပါတယ်။

Bangkok Love Stories

ဘန်ကောက်မှာဖြစ်ပျက်လေ့ရှိတဲ့လူငယ်တွေကြားကအချစ်ဇာတ်လမ်းတွေအကြောင်းရိုက်ကူးထားတဲ့ ဟာသနဲ့ဒရာမာဇာတ်လမ်းတွေဖြစ်ပါတယ်။ Season ၂ခုထွက်ရှိထားပြီး ဇာတ်လမ်းတခုနဲ့တခုဆက်စပ်မှုမရှိတဲ့အတွက် အစီအစဉ်လိုက်ကြည့်စရာမလိုဘူး။ အမြည်းပြောပြရမယ်ဆိုရင်တော့ Plead ဆိုတဲ့ဇာတ်လမ်းမှာ မျက်စိမမြင်တဲ့ဗေဒင်ဆရာနဲ့ ကံကိုမယုံတဲ့မိန်းကလေးတယောက်ရဲ့အချစ်ကိုတွေ့ရမယ်။ Hey You! ကတော့ စားသောက်ဆိုင် ၂ဆိုင် ဘေးချင်းကပ်ဖွင့်ရာကနေအပြိုင်အဆိုင်ဖြစ်လာတဲ့ချစ်သူဟောင်း ၂ယောက်ရဲ့ဇာတ်လမ်းပါ။ ဇာတ်လမ်းအားလုံးကပေါ့ပေါ့ပါးပါးနဲ့ခပ်တိုတိုရိုက်ကူးထားတာမို့ အပျင်းပြေကြည့်ဖို့သင့်တော်ပါတယ်။

Happy Old Year

မြန်မာနိုင်ငံမှာရုံတင်ပြီးဖြစ်တဲ့ဒီရုပ်ရှင်ကိုတော့တော်တော်များများကြည့်ပြီးဖြစ်မှာပါ။ မကြည့်ခင်ကတော့ အိမ်ရှင်းရင်းရည်းစားဟောင်းရဲ့လက်ဆောင်တွေတွေ့ပြီး အတိတ်ကိုပြန်လွမ်းတဲ့ဇာတ်လို့ပဲထင်ခဲ့မိတယ်။ ဒါပေမယ့် Happy Old Year ဟာအချစ်ဟောင်းကိုသတိရတဲ့ဇာတ်လမ်းဆိုတာထက်ပိုပါတယ်။ အဓိကဇာတ်လိုက်ဖြစ်သူ Jean ဟာသူ့အတိတ်ကပြဿနာတွေကိုရင်ဆိုင်ရင်း မှားခဲ့တာတွေကိုဝန်ချတောင်းပန်ရင်း ဘဝအသစ်တခုစဖို့ကြိုးစားတဲ့ဇာတ်လမ်းလို့ပြောရမယ်။ ဘဝမှာမလိုအပ်တော့တဲ့အရာတွေကိုရှင်းထုတ်လိုက်ရင် တခဏတော့စိတ်ပင်ပန်းရပေမယ့် ရေရှည်မှာစိတ်သစ်လူသစ်နဲ့ရှင်သန်နိုင်ဖို့အထောက်အကူဖြစ်နိုင်ကြောင်း ပြောပြထားတဲ့ဇာတ်လမ်းလည်းဖြစ်ပါတယ်။

Advertisement

LEAVE A REPLY

Please enter your comment!
Please enter your name here