Netflix က superhero genre ကိုပဲ mainstream နဲ့ကွဲပြားတဲ့ဇာတ်လမ်းတွေကို အမျိုးမျိုးစမ်းသပ်လေ့ရှိပါတယ်။ ရလဒ်အဖြစ် Umbrella Academy လို နှစ်သက်စရာ show ထွက်လာသလို Old Guard လိုအပျင်းပြေရုံရုပ်ရှင်တွေလည်းရှိခဲ့ပါတယ်။
Project Power က alternative superhero ရုပ်ရှင်ကားမျိုးပါ။ Power လို့ခေါ်တဲ့ဆေးကိုသောက်လိုက်ရင် ၅မိနစ်စာအစွမ်းသတ္တိတခုရပါတယ်။ ဒါပေမယ့်ဒီဆေးကကိုယ့်ကိုဘယ်လိုစွမ်းအားပေးမလဲဆိုတာ မသိနိုင်ပါဘူး။ အဲ့ဒီစွမ်းအားကကိုယ့်အပေါ်ဘယ်လိုသက်ရောက်မှုတွေဖြစ်နိုင်လဲဆိုတာကိုလည်းမသိနိုင်ဘူး။
Jamie Foxx ရဲ့ဇာတ်ကောင် Art ရဲ့သမီးကိုဆေးထုတ်လုပ်နေတဲ့အဖွဲ့အစည်းကပြန်ပေးဆွဲထားပါတယ်။ Art ကသူ့ကိုရှာဖွေကယ်တင်တဲ့ဇာတ်လမ်းပေါ့။ ကျန်တဲ့ဇာတ်ကောင်တွေကဒီခရီးမှာသူ့ကိုပံ့ပိုးပေးရုံပါပဲ။
အက်ရှင်ကားအကြည့်များတဲ့သူဆိုရင်ဒီဇာတ်လမ်းဘယ်လိုသိမ်းမလဲနောက်တခန်းဘာဖြစ်မလဲဆိုတာ ကြိုသိနေလိမ့်မယ်။ ပြဿနာတခုဖြစ်တယ်၊ လူဆိုးတွေဖမ်းထားတဲ့သူတယောက်ကိုမင်းသားကကယ်မယ်၊ ခပ်ကြမ်းကြမ်းအက်ရှင်ခန်းတွေပါမယ်၊ ပြဿနာရဲ့နောက်ကွယ်ကလျှို့ဝှက်ချက်တွေကို တဖြည်းဖြည်းထုတ်ပြမယ်၊ ပိုကြမ်းတဲ့အက်ရှင်ခန်းတွေနဲ့ဇာတ်သိမ်းမယ်။ ဒီဖော်မြူလာအတိုင်းပဲရိုက်ပြသွားတယ်။
သရုပ်ဆောင်ပိုင်းကတော့ဘာမှပြောစရာမရှိပါဘူး။ တခုတ်တရပြောရလောက်အောင် သရုပ်ဆောင်စရာမှမလိုတာလေ။ Jamie Foxx ရဲ့ဇာတ်ကောင်က ပါးနပ်တယ်၊ ကြင်နာတတ်တယ်၊ စွန့်လွှတ်အနစ်နာခံတယ်၊ စသဖြင့် Western နဲ့ post-apocalypse ရုပ်ရှင်တွေမှာတွေ့ရလေ့ရှိတဲ့မင်းသားပုံစံပဲ။
Dominique Fishback (Robin) ကသရုပ်ဆောင်ကောင်းပေမယ့် သူ့ဇာတ်ကောင်ကလည်းထူးထူးခြားခြားပြောစရာမရှိလှဘူး။ Robin ကကျောင်းနဲ့အဆင်မပြေ၊ မူးယစ်ဆေးရောင်းပြီး ရောဂါသည်အမေကိုလုပ်ကျွေးနေတဲ့ rap စာသားတွေကျွမ်းကျွမ်းကျင်ကျင်ရွတ်နိုင်တဲ့ဆယ်ကျော်သက်။
နှမြောစရာအကောင်းဆုံးကတော့ Joseph Gordon Levitt ပဲ။ သူ့ရဲ့ထင်ရာစိုင်းတတ်တဲ့ရဲဇာတ်ရုပ်က လုပ်ကွက်မည်မည်ရရမရှိဘဲ သာမန်ဇာတ်ရံံအဆင့်ပဲရှိတယ်။ သူမဟုတ်ဘဲ B lister တယောက်သရုပ်ဆောင်လည်းဘာမှထူးခြားမလာမယ့်ဇာတ်ရုပ်မျိုးပါ။
ဇာတ်လမ်းကော ဇာတ်ရုပ်တွေကော cliché ထဲကမထွက်ပေမယ့် ခပ်သွက်သွက်ဇာတ်လမ်းသွားနဲ့ အက်ရှင်ခန်းတွေကြောင့်အပျင်းတော့ပြေတယ်။ ဇာတ်ကောင်တယောက်ကဆေးသောက်လိုက်တိုင်း သူဘယ်လိုအစွမ်းတွေများရသွားမလဲလို့ စောင့်ကြည့်ရတာကလည်းပျော်စရာတော့အကောင်းသား။
Series တခုကြည့်ပြီး နောက်တခုမကြည့်ခင်စပ်ကြားအပျင်းပြေကြည့်ဖို့လောက်တော့အဆင်ပြေပါတယ်။
MM+ Rating: 6/10